Trending Now

ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား၊ ခရိုင်ပေါင်းစုံ (U-18) အမျိုးသမီးဘောလုံးပွဲ ကျင်းပပြုလုပ်မည်

Spread the love

ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား၊ ခရိုင်ပေါင်းစုံ (U-18) အမျိုးသမီးဘောလုံးပွဲ ကျင်းပပြုလုပ်မည်

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၅

ကချင်ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား၊ ခရိုင်ပေါင်းစုံ (U-18) အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနား၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

နိုဝင်ဘာလတွင် ယှဉ်ပြိုင်ကစားကြမည် တိုင်းနှင့် ပြည်နယ် အသက် (၁၈)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ပြည်နယ် ကိုယ်စားပြုဘောလုံး အားကစားသမားရွေးချယ်မှုများ ပြုလုပ်ရန်အတွက် နှင့် ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးဘောလုံးအားကစား တိုးတက်လာနိုင်စေရန်အတွက် ရည်ရွယ်ကာ ခရိုင်ပေါင်းစုံ (U-18) အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“အခုကျင်းပမည့် ပွဲလေးက ခရိုင်ပေါင်းစုံ (U-18) အမျိုးသမီးဘောလုံးပြိုင်ပွဲလေးဖြစ်တယ်၊ ကျင်းပရခြင်းကတော့ နိုဝင်ဘာလမှာ ကစားကြမည့် တိုင်းနှင့်ပြည်နယ်အတွက် လူရွေးတဲ့ပွဲလည်းဖြစ်သလို၊ ကချင်ပြည်နယ်ရဲ့ အမျိုးသမီးဘောလုံးအားကစား တိုးတက်လာစေဖို့ ရည်ရွယ်ပြီးပြုလုပ်တာဖြစ်တယ်။” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ မျိုးဆက်သစ် အမျိုးသမီးဘောလုံးအားကစားသမားများအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကြောင့် အမျိုးသမီး အားကစားသမားများအနေနှင့် အခွင့်အရေးကောင်းများ ပိုမိုရရှိလာပြီး အမျိုးသမီးများ၏ ဘောလုံးအားကစားကဏ္ဍတိုးတက်လာမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့မှ အမျိုးသမီးဘောလုံးအသင်းတစ်ခု၏ နည်းပြဖြစ်သူက ဆိုသည်။

“အမျိုးသမီး အငယ်တန်းတွေအတွက် ပွဲစဉ်လုပ်ပေးတာက ရှာပါးတယ်၊ အခုလိုပွဲစဉ်တွေကို ဒီထပ်မကလုပ်ပေးနိုင်ရင် ခရိုင်ကိုယ်စားပြုကနေ ပြည်နယ်၊ နိုင်ငံ အဆင့်အထိ တက်လှမ်းနိုင်ကြမှာဖြစ်တယ်၊ မျိုးဆက်သစ် ကစားသမားလေးတွေအတွက်လဲ အခွင့်အရေးကောင်းတွေရရှိလာမှာဖြစ်သလို၊ ပြည်နယ်ရဲ့ အမျိုးသမီးဘောလုံးအားကစားမှာလည်း တိုးတက်လာမှာ ဖြစ်ပါတယ်၊” ဟု ၎င်းက ပြောသည်။

အဆိုပါ အသက် (၁၈)နှစ်နှင့်အောက် အမျိုသမီးဘောလုံးပွဲစဉ်ကို ကချင်ပြည်နယ် ပြည်နယ်အားကစားကွင်းတွင် အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ကာ (၁၃) ရက်နေအထိ ၈ရက်ကြာ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင်မှ အသင်း (၄)သင်း ကစားသွားမည်ဖြစ်ကာ ပထမဆု (၁၀)သိန်း၊ ဒုတိယဆု (၇) သိန်းကျပ်အထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။