Trending Now

ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် မသန်စွမ်းများ ၊ ပိုင်ရှင်မဲ့ လမ်းဘေးဒုက္ခရောက်ကြသူများ အတွက် နားခိုရာနေရာ ဆောက်လုပ်ပေးနေ

Spread the love

ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် မသန်စွမ်းများ ၊ ပိုင်ရှင်မဲ့ လမ်းဘေးဒုက္ခရောက်ကြသူများ အတွက် နားခိုရာနေရာ ဆောက်လုပ်ပေးနေ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် မသန်စွမ်းများ၊ ပိုင်ရှင်မဲ့ လမ်းဘေးဒုက္ခရောက်ကြသူများအတွက် နားခိုရာနေရာ ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အဆိုပါအသင်းမှ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် လစဉ် ကျန်းမာရေး စောင့်ရှောက်ခြင်းများ၊ ပြုစုစောင့်ရှောက်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယင်းသက်ကြီးရွယ်အိုများ၊ ပိုင်ရှင်မဲ့ လမ်းဘေးဒုက္ခရောက်ကြသူများကို တစ်စုတစ်စည်းထဲ စောင့်ရှောက်နိုင်ရန်အတွက် ရည်ရွယ်ကာ ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကျနော်တို့ အသင်းအနေနဲ့က ပူတာအို ဒေသမှာ လက်လှမ်းမှီသလောက် ကျေးရွာတွေကိုဆင်းပြီး ခိုကိုးရာမဲ့ ဘိုးဘွားတွေနဲ့ မသန်စွမ်းတွေကို ပြုစုစောင့်ရှောက်တာတွေ၊ ကျန်းမာရေး ဆောင်ရွက်ပေးတာတွေရှိတယ်။ အဲဒီတော့ ဒီလိုသက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေကို တစ်နေရာတည်းမှာ အမြဲ မပျက် ကူညီပေးလိုတာကြောင့် အလှူရှင်တွေ စုပေါင်းပြီး အခုလို နားခိုရာနေရာလေး ဆောက်လုပ်ဖြစ်တာဖြစ်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ နားခိုဆောင်ကို မန်စေ ကျေးရွာအုပ်စု၊ အလပ်ဒမ်းကျေးရွာမှ လှူဒါန်းထားရှိသည့် မြေ (၁) ဧက ပေါ်တွင် ပျဉ်ထောင်၊ ပျဉ်ကာ တစ်ထပ်ပုံစံ ဆောက်လုပ်လျက်ရှိကြောင်း၊ လမ်းခရီးအခက်အခဲများနှင့် ရာသီဥတု အခြေအနေများကြောင့် ကြန့်ကြာနေခြင်းဖြစ်ကာ လာမည့် ဩဂုတ်လအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ ကောက်ယူထားသည့် စာရင်းများအရ ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် မသန်စွမ်းဦးရေ (၈၇) ဦး၊ ပိုင်ရှင်မဲ့ လမ်းဘေးဒုက္ခရောက်နေသူ (၁) ဦးရှိနေကြောင်း သိရသည်။

ယင်း ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့မှ ဆောက်လုပ်ပေးသည့် ခိုကိုးရာမဲ့ ဘိုးဘွားများနှင့် မသန်စွမ်းများ ၊ ပိုင်ရှင်မဲ့ လမ်းဘေးဒုက္ခရောက်ကြသူများအတွက် နားခိုရာနေရာ ဆောက်လုပ်နေမှုတွင် ပါဝင်လှူဒါန်းလိုပါက ပန်းဥယျာဉ် လူမှုကူညီရေးအဖွဲ့ဖုန်း 09887074125 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။