Trending Now

သိက္ခာမဲ့ သူရဲဘောကြောင်သည့် လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ဟု ဒူးလေးပါတီ နာယက ဦးရွှေမင်းကဆို

Spread the love

သိက္ခာမဲ့ သူရဲဘောကြောင်သည့် လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ဟု ဒူးလေးပါတီ နာယက ဦးရွှေမင်းကဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့က ပျံ့နှံ့ခဲ့သည့် KIO အရာရှိများနှင့် ဘာသာရေးဆရာများကို ခြိမ်းခြောက်ထားသည့်စာနှင့် ပတ်သက်ပြီး သိက္ခာမဲ့ သူရဲဘောကြောင်သည့် လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ကြောင်း ဒူးလေးပါတီ နာယက ဦးရွှေမင်းကဆိုသည်။

မြစ်ကြီးနားမြို့တွင် ယမန်နေ့က ပျံ့နှံ့ခဲ့သော စာတွင် KIA၊ KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF၊ ဘာသာရေးဆရာများကို မြစ်ကြီးနားမြို့မှ ထွက်ခွာသွားရန် ခြိမ်းခြောက်ရေးသားထားပြီး၊ ယင်းကဲ့သို့ လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မည်မဟုတ်ပဲ ဦးရွှေမင်းအနေဖြင့် ရေးမည်ဆိုပါက လူကြီးဆန်ဆန်၊ နိုင်ငံရေးသမားဆန်ဆန် ရေးသားမည်သာဖြစ်ကြောင်း ဒူးလေးပါတီ နာယက ဦးရွှေမင်းက ပြောသည်။

” မနေ့က လိုင်းပေါ် ပျံ့နှံ့တဲ့ သိက္ခာမဲ့ သူရဲဘောကြောင်တဲ့ ကလေးကုလားဆန်တဲ့ လုပ်ရပ်မျိုး ကျွန်တော်မလုပ်ပါဘူး။ ဘယ်တော့မှလည်း မလုပ်ဘူး။ ဒါတွေကပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ။ ပြီးတော့ မသက်ဆိုင်တဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို စော်ကားတာ။ မသက်ဆိုင်သောအဖွဲ့အစည်းတွေကို စော်ကားတာ။ ဒါမျိုးတွေကို ကျွန်တော်တို့က လုပ်ရိုးလုပ်စဉ်လည်း မရှိဘူး။ လုပ်မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ရေးမယ်ဆိုရင် အဆင့်တန်းရှိရှိ ရေးပါမယ်။ လူကြီးဆန်ဆန်၊ နိုင်ငံရေးသမားဆန်ဆန်၊ စစ်ရေးအမြင်နဲ့ဆိုလည်း စစ်ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ အချက်အလက်တွေနဲ့တူညီအောင် ရေးရမယ်။ သိပ်ပြီး ကလေးကုလားဆန်တဲ့ လုပ်ရပ်မျိုး မလုပ်ဘူး ” ဟု ၎င်းက‌ရှင်းပြသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှတဆင့် မြစ်ကြီးနားတွင် ဖြန့်ဝေနေသော၊ သတိပေး အကြောင်းကြားစာသည် ဦးရွှေမင်းမှ ထုတ်ပြန်သော စာ ဟုတ်၊ မဟုတ် သိလိုခြင်းနှင့် မဟုတ်ပါက ဖေဖော်ဝါရီ ၈ ရက်နေ့ည နောက်ဆုံးထား၍ ဦးရွှေမင်း အနေဖြင့် မဟုတ်မှန်ကြောင်း ပြန်လည်ထုတ်ပြန်ပေးစေလိုကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး ဒူးလေးပါတီ နာယက ဦးရွှေမင်းက မြစ်ကြီးနားတွင် ဖြန့်ဝေသောစာသည် ၎င်းအနေဖြင့် လုပ်မည် မဟုတ်ကြောင်းနှင့် KIA၊ KIO ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ၎င်းတို့ကြား ပုဂ္ဂိုလ်ရေးရန်ငြှိုး ဘာမှမရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။

” ကိုဂွမ်မော်နဲ့လည်း ဖြေရှင်းပြီးပါပြီ။ သူကလည်း သူ့နာမည်ကို တပ်ပြီးတော့ ပုဂ္ဂိုလ်ရေး စော်ကားခံရတယ်ဆိုတော့ သူလည်းခံစားချက်တော့ ရှိပါလိမ့်မယ်။ ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်။ ကိုဂွမ်မော်က ဒီလို ဖြေရှင်းပေးပါဆိုတော့ ကျွန်တော်တို့လည်း ဒါကို မဟုတ်ရင် မဟုတ်မှန်တဲ့အကြောင်း ဖေ့စ်ဘုတ်မှာ ဖြေရှင်းထားပြီးဖြစ်တယ်။ သူလည်းသိရှိပြီး ဖြစ်ပါတယ်။ သူနဲ့ကျွန်တော်တို့ကလည်း အရင်က စားပွဲပေါ် မှာ ဆုံခဲ့ကြတဲ့ ခေါင်းဆောင်အချင်းချင်း ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးရန်ငြှိုး ဘာမှမရှိဘူး။ သို့သော် နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ အမျိုးသားရေးအမြင်တွေ မတူကြလို့ ဒီနေ့လို အခြေအနေမျိုးကို ရောက်ရှိတာပဲ ဖြစ်တယ် ” ဟု ဒူးလေးပါတီ နာယက ဦးရွှေမင်းက ပြောသည်။

ယမန်နေ့က မြစ်ကြီးနားမြို့တွင် KIA၊ KIO ဒုတိယဗိုလ်ချုပ်နှင့် ဘာသာရေးအဖွဲ့အစည်း၊ အခြားသောအဖွဲ့အစည်းများကို ခြိမ်းခြောက်သတိပေးစာ ဖြန့်ဝေသူများသည် ၎င်းတို့နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်း သို့မဟုတ် ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးလည်း ဖြစ်နိုင်ကြောင်း ဦးရွှေမင်းက သုံးသပ် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၈)ရှိ ဦးရွှေမင်း၏ နေအိမ်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ၄၀ မမလက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ အိမ်ခေါင်မိုး ပျက်စီးခြင်းနှင့် ကားမှန်အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရပြီး၊ အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့၊ ညကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နေအိမ်ရှေ့ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။