Trending Now

ပန်းတနော်မြို့နယ် ကျေးရွာ ၃ ရွာတွင် ကမ်းပါးပြိုကျမှုကြောင့်နေအိမ် ၁၇ လုံးကို အရေးပေါ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ

Spread the love

ပန်းတနော်မြို့နယ် ကျေးရွာ ၃ ရွာတွင် ကမ်းပါးပြိုကျမှုကြောင့်နေအိမ် ၁၇ လုံးကို အရေးပေါ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရ

EPN
ပန်းတနော်၊ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင်ဧရာဝတီမြစ်ရေမြင့်တက်တိုက်စားပြီး မြစ်ကမ်း ပါးပြိုကျမှုကြောင့် ဇူလိုင် ၁၃ ရက်ကလူနေအိမ် ၁၇လုံးကို အရေးပေါ်ဖျက်သိမ်းပြီး ကြိုတင်ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်တိုက်စားပြီးကမ်းပြိုကျမှုကြောင့် တောကျောင်းကျေးရွာအုပ်စု၊
ကျောင်းတော်ကလေးကျေးရွာမှနေအိမ် ၅လုံး၊ နံဂါတ် ရိုးကျေးရွာရှိ နေအိမ် ၁ လုံး၊ နံဂါတ်ကျေးရွာရှိ နေအိမ် ၁၁ လုံးစုစုပေါင်းနေအိမ် ၁၇လုံးကို ဖျက်သိမ်းပြီးကမ်းပြို ဘေးလွတ်ရာ ဆွေမျိုး သားချင်းနေအိမ်များ၏ နေအိမ်များကို ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

”ကျွန်မတို့ အိမ် အပါအဝင် ကမ်းပြိုကျနေတဲ့ နေရာအနီးက နေအိမ် ၁၇ လုံးပြောင်းရွှေ့ရတာပါ၊ ရုတ်တရက် ကမ်းပြိုကျလို့ကြိုတင်ပြီး အိမ်ဖျက်ရွှေ့ပြောင်း ရတာပါ၊ လက်ရှိတော့မိသားစုတွေရဲ့အိမ်မှာ ခေတ္တသွားနေပါတယ်။”ဟု ကမ်းပြိုပြောင်းရွှေ့ရသည့် ဒေသခံတစ်ဦး ကပြောသည်။

အဆိုပါ ကမ်းပြိုကျမှုဒဏ်ကြောင့်နေအိမ်ဖျက်သိမ်းပြောင်းရွှေ့ရသည့် အိမ်ထောင်စု ၁၇စုမှ လူဦးရေ စုစုပေါင်း ၆၉ ဦးသည်လတ်တလောနီးစပ်ရာမိသားစုများ၏ နေအိမ် များသို့ ယာယီ ပြောင်းရွေ့နေထိုင်လျက်ရှိလူနှင့်တရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်း မရှိကြောင်း သိရသည်။

”ကမ်းပြိုကျမှုကင်းလွတ်တဲ့ကွက်လပ်များပေါ်မှာ နေအိမ်တွေ ပြန်လည်ဆောက်လုပ်နိုင်ရန်ကျေးရွာ အုပ်ချုပ်ရေးမှူးများနဲ့ ဒေသခံပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်၊လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိပါဘူး။”ဟု ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိ သူတစ်ဦး က ပြောသည်။

အဆိုပါ ကမ်းပြိုကျမှုကြောင့်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်း ရသည့် နေအိမ်များထဲတွင် သွပ်မိုး၊ထာရံကာ၊ အုတ်ခံ အိမ်များလည်းပါဝင်ပြီး ကမ်းပြိုမှုကိုချက်ချင်းကာကွယ်ရေး မလုပ်ဆောင်ပါက ကမ်းပြိုကျမှုပိုမို ဆိုးဝါးလာနိုင်ကြောင်း
သိရသည်။

ပန်းတနော်မြို့နယ်အထက်ကဇင်းတောကျေးရွာတွင် ဇူလိုင် ၁၂ ရက်ကဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျမှုဖြစ်ပွားပြီးကမ်းပြိုကျနေသည့်နေရာအနီးမှ လူနေအိမ် ၇ လုံးကို ကမ်းပြိုဘေးလွတ်ရာသို့
ရွှေ့ပြောင်းပေးခဲ့ရသေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။