Trending Now

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း (၆)လိုင်းထပ်မံ တိုးချဲ့ပြေးဆွဲ

Spread the love

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း (၆)လိုင်းထပ်မံ တိုးချဲ့ပြေးဆွဲ

EPN
မြစ်ကြီးနား၊ မတ် ၂၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယခုနှစ်အတွင်း မြစ်ကြီးနား- ရန်ကုန် အပါအဝင် ယာဉ်လိုင်း ၆ လိုင်း ထပ်မံတိုးချဲ့၍ ပြေးဆွဲပေးလျက်ရှိကြောင်း မြစ်ကြီးနားခရိုင် ယာဉ်များကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

ထပ်မံတိုးချဲ့ပြေးဆွဲမည် ယာဉ်လိုင်းများမှာ မြစ်ကြီးနား-မန္တလေး ပြေးဆွဲမည့် ဘုရင် ယာဉ်လိုင်းနှင့် ဒို့ကချင် ယာဉ်လိုင်း၊ မြစ်ကြီးနား-ရန်ကုန် ပြေးဆွဲမည့် အန်တီဝင်း ယာဉ်လိုင်း နှင့် ပူတာအို၊ ဖားကန့်နှင့် ကသာမြို့များသို့ ပြေးဆွဲမည့် ယာဉ်လိုင်းငယ် သုံးလိုင်းပါဝင်ကြောင်း မြစ်ကြီးနားခရိုင် ယာဉ်များကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အခု (၂၀၂၂)ခုနှစ် အတွင်းမှာ ကျနော်တို့ ယာဉ်များကြီးကြပ်ရေးကော်မတီကို မှတ်ပုံလာတင်ပြီး တိုးချဲထားတဲ့ ယာဉ်လိုင်း (၆)လိုင်းရှိတယ်၊ ယာဉ်လိုင်း တွေတိုးချဲ့လာနိုင်တဲ့အတွက် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းတွေ အများကြီးတိုးတက်လာနိုင်တယ်၊ ယာဉ်လိုင်းတွေများလာတော့ အပြိုင်အဆိုင် ဝန်ဆောင်မှုတွေရှိလာမယ် ဒီတော့ ခရီးသွားပြည်သူတွေအတွက် ပိုပြီး အဆင်ပြေလာနိုင်တယ်” ဟု ၎င်းကပြောဆိုသည်။

လက်ရှိပြည်တွင်းကူးစက်နေသည့် ကိုဗစ်နိုင်တင်းရောဂါ ဗိုင်းရက်မျိုးကွဲမှာလည်း ကူးစက်မှုနှုန်းများ သိသိသာသာ လျော့ကျလာသည့်အတွက် သင်္ကြန်ခရီးသွားကာလတွင် ခရီးသည်များ တိုးလားဖွယ်ရှိကြောင်း မြစ်ကြီးနား – မန္တလေး ပြေးဆွဲနေသည့် ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

” အခု ဆိုရင် ပြည်တွင်းကူးစက်နေတဲ့ ကိုဗစ်နိုင်တင်းမျိုးကွဲ အိုမီခရွန် ကလည်း လူနာသစ်တွေရှိနှုန်း ရောဂါကူးစက်နှုန်းတွေလဲ ကျဆင်းလာပြီ ဒါကြောင့် အခု သင်္ကြန်ကာလ ခရီးသွား ရာသီတွေမှာ ခရီးသည်တွေ တိုးများလာဖို့မျှော်လင့်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယင်းယာဉ်လိုင်းများအပါအဝင်ပြည်နယ် အနှံ့ ပြေးဆွဲနေသည့် ကားလိုင်း ( ၄၀)လိုင်း နှင့် ပြည်နယ်တွင်း ပြေးဆွဲနေသည့် ကားလိုင်း ( ၆၇)လိုင်း စုစုပေါင်း ကားလိုင်း (၁၀၇)လိုင်း ပြေးဆွဲလျက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။