Trending Now

မြစ်ကြီးနားမြို့တွင် ညအချိန် ဆိုင်ကယ်များ လိုက်လံခိုးယူနေသူ အမျိုးသားနှစ်ဦးနှင့် ဆိုင်ကယ် ၈ စီး ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် ညအချိန် ဆိုင်ကယ်များ လိုက်လံခိုးယူနေသူ အမျိုးသားနှစ်ဦးနှင့် ဆိုင်ကယ် ၈ စီး ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ညအချိန် အိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်ကာ ဆိုင်ကယ်များလိုက်လံခိုးယူနေသူ အမျိုးသားနှစ်ဦးနှင့် ဆိုင်ကယ် ၈ စီးကို ယနေ့ ဇွန်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက အေးမြသာယာရပ်ကွက်၊ နယ်မြေ ၁၄၊ အပိုင်း၂ အတွင်း ခိုးမှုကျော်ဇောသတင်းရှိသူ အမျိုးသားတစ်ဦး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာခိုးယူခဲ့သည်ဟု ယူဆရသော ဆိုင်ကယ်နှစ်စီးအား တွေ့ရှိခဲ့ရကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူ ခိုးယူခဲ့ချိန်တွင် ပါဝင်ခဲ့သူတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

” ဒီရက်ပိုင်း ကျနော်တို့ဆီ လာတိုင်ထားတဲ့ ညဘက်ဆိုင်ကယ် ခိုးခံရတဲ့အမှုတွေလဲရှိတယ်။ ခိုးယူသူတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေစဥ် ခိုင်လုံတဲ့သတင်းအရ အေးမြသာယာရပ်ကွက်ထဲက ခိုးမှုကျော်ဇောသတင်းရှိသူအမျိုးသားတစ်ဦးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွယ်ခဲ့တယ်။ ခိုးယူလာတယ်လို့ ဝင်ခံထားတဲ့ ဆိုင်ကယ်နှစ်စီးတွေ့ခဲ့ရတယ်။ သူတို့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ရာမှာ အသုံးပြုတဲ့ ကပ်တား (သက်သေခံပစ္စည်း) လဲတွေ့ရတယ်။ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ နယ်ဝေးကနေ အိမ်ငှားလာနေပြီး လုပ်စားနေကြတဲ့ သူတွေဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ယင်းအမျိုးသားနှစ်ဦးမှာ အသက် ၃၀ ခန့်အရွယ် အေးမြသာယာရပ်ကွက်၊ နယ်မြေ ၁၄၊ အပိုင်း၂ အတွင်းနေထိုင်သူ ကိုနေလင်းအောင်နှင့် အသက် ၂၅ ခန့်အရွယ် အေးမြသာယာရပ်ကွက်၊ အပိုင်း၇ အတွင်းနေထိုင်သူ ကိုမိုးထက်ဇော်တို့ ဖြစ်ကြောင်း သိရသည်။

” အခုမိတဲ့ သူတွေက မြို့ပေါ်ရပ်ကွက်တွေမှာ ညဘက်ခိုးယူတာတွေလုပ်နေတဲ့ သူတွေဖြစ်တယ်။ နောက်နောင်ဒီလိုဖြစ်စဥ်တွေ မဖြစ်ပွားဖို့၊ ဖြစ်လာခဲ့ရင်လဲ ပြည်သူတွေအနေနဲ့ အမြန်ဆုံးသတင်းပို့ပြီး ပူးပေါင်းကူညီကြဖို့ တိုက်တွန်းလိုတယ်။ အများပူးပေါင်းမှ အခုလို မှုခင်းတွေ ပိုမိုကျဆင်းလာနိုင်မှာ ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ယင်းအမျိုးသား နှစ်ဦးနှင့်အတူ မြို့ပေါ်ရပ်ကွက်များမှ ခိုးယူထားရှိသည့် ဆိုင်ကယ် ၈ စီးကိုဖမ်းဆီးရမိထားကြောင်း သိရသည်။

ယင်းအမျိုးသားနှစ်ဦးကို မြစ်ကြီးနားမြို့ ၊ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ /ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။