Trending Now

ယနေ့မြစ်ကြီးနားဆေးရုံက ဆင်းခွင့်ပေးလိုက်သည့် Case-144 နှင့်စပ်လျဉ်း၍ ဒေါက်တာဘုန်းမော်နှင့် တွေ့ဆုံမေးမြန်းခြင်း

Spread the love

ယနေ့မြစ်ကြီးနားဆေးရုံက ဆင်းခွင့်ပေးလိုက်သည့် Case-144 နှင့်စပ်လျဉ်း၍ ဒေါက်တာဘုန်းမော်နှင့် တွေ့ဆုံမေးမြန်းခြင်း

EPN
မြစ်ကြီးနား၊ မေ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး ရောဂါပိုး ပျောက်ကင်းသွားပြီ ဖြစ်သည့် Case-144 ကို ယနေ့ မေလ ၁၁ ရက်နေ့တွင် ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး ၎င်းကို ဆေးကုသပေးခဲ့သည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရန်စီမံထားသည့်အခြေအနေတို့နှင့် စပ်လျဉ်း၍ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးမေးခွန်းအနေနဲ့ Case-144 ကို ဒီနေ့ ဘယ်လိုအခြေအနေကြောင့် ဆေးရုံက ဆင်းခွင့်ပေးလိုက် တာလဲဗျ။

ဖြေ။ ။ သူ့ကို ဆေးရုံမှာ နှစ်ပတ်တိတိ စောင့်ကြည့်တဲ့အခါကြတော့ ၁၄ ရက်ပြည့်တဲ့အခါမှာ သူရဲ့ ဆေးစစ်ချက်ကိုယူပြီး နာမူနာကို အမျိုးသားဓာတ်ခွဲခန်းကိုပို့ပြီးစစ်တယ်။ အဲ့တော့ ပထမဆေးစစ်ချက် အဖြေမှာ သူ့ရဲ့ အဖြေက Negative ထွက်တယ်။ ၄၈ နာရီအနည်းဆုံးခြားပြီးတော့ သူ့ကို ဒုတိယအကြိမ် ထပ်စစ်တဲ့အခါမှာလည်း ပိုးမတွေ့ဘူး။ အဲ့တော့ ၅ ရက်နေ့မှာ တစ်ကြိမ်စစ်တယ်၊ ကိုးရက်နေ့မှာ တစ်ကြိမ်စစ်တယ် အဲ့တော့နှစ်ခါလုံးမှာ ပိုးမတွေ့တော့ သူ့ကိုဒီနေ့ ဆေးရုံက ဆင်းခွင့်ပေးလိုက်တယ်။

မေး။ ။ ဒီနေ့ ဆေးရုံကဆင်းခွင့်ပေးလိုက်တဲ့ Case-144 ကို ဆရာကြီးတို့အနေနဲ့ ဘယ်လိုကုသမှုတွေ ပေးခဲ့တာလဲဗျ။

ဖြေ။ ။ ဒီလူနာကို ကျွန်တော်တို့ မိုးညှင်းကနေ ဒီမြစ်ကြီးနားဆေးရုံကြီးကို ဧပြီ ၂၅ ရက်နေ့မှာ လွဲပြောင်းပြီး စကုသမှုပေးတယ်။ ကုသမှုပေးတဲ့အခါမှာလည်း ကျွန်တော်တို့ဘက်က သမားတော်တွေနဲ့ ဒီကဆေးဝါးကု သရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးကုတယ်။

မေး။ ။ စောင့်ကြည့်ကာလအတွင်းမှာကော သူ့ရဲ့ကျန်းမာရေးအခြေအနေက ဘယ်လိုရှိခဲ့လဲဗျ။

ဖြေ။ ။ လူနာရဲ့ရောဂါလက္ခဏာကလည်း ပြင်းပြင်း ထန်ထန် ခံစားရတာ ဘာမှမရှိဘူး။ ကျန်းမာရေးအခြေ အနေကလည်း တော်တော်ကောင်းမွန်တယ်။ အဖျားတွေဘာတွေလည်း မရှိဘူး။ မောတာ၊ ရင်ကြပ်တာတွေ လည်းမရှိဘူး။ ကိုဗစ်နိုင်တင်းနဲ့ပတ်သက်ပြီး ရောဂါလက္ခဏာပြင်းပြင်းထန်ထန်ခံစားရတာမရှိဘူး။ အဆုတ်နဲ့ပတ် သက်တဲ့ မောတဲ့လက္ခဏာ ဘာမှမရှိဘူး။ ဒါကြောင့် ကုသ တဲ့အခါမှာလည်း ကျွန်တော်တို့ အနေနဲ့ သာမန်အနေနဲ့ပဲ စောင့်ကြည့်ပြီး ကုသပါတယ်။

မေး။ ။ အခုဆေးရုံကဆင်းခွင့်ပေးလိုက်ပြီဆိုတော့ အခုလက်ရှိကော သူ့ကို ဘယ်လိုဆက်ပြီး ဆောင်ရွက် ထားလဲဗျ။

ဖြေ။ ။ သူ့ကို မိုးညှင်းကို ချက်ချင်းတော့မပို့သေးဘူး။ အခုဒီမြစ်ကြီးနားက သားဖွားသင်တန်းကျောင်းမှာ Facility Quarantine အဖြစ် စောင့်ကြည့်မယ်။ နှစ်ပတ်ကြာ စောင့်ကြည့်အုံးမယ်။ ဒီနှစ်ပတ်အတွင်းမှာ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေး ပြဿနာ တစ်ခုခုဖြစ်တယ်ဆိုရင် အချိန်မရွေး ကျွန်တော်တို့ဆီ ပြန်လာပြရမယ်။ အဲ့ဒီနှစ်ပတ်ပြည့်ရင် ကျွန်တော်တို့ကနေ ကျန်းမာရေးတွေ ထပ်စစ်ဆေးမှုလုပ်မယ်။ အဲ့ဒီခါ အားလုံးကောင်းမွန်တယ်ဆိုမှ မိုးညှင်းကို ပြန်ပို့မယ်။

မေး။ ။ မိုးညှင်းက သူ့နေတဲ့ နေရာရောက်ရင်ကော သူ့ကို အသွားအလာကန့်သတ်ဦးမှာလားဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ မိုးညှင်းက သူနေတဲ့နေရာရောက်ရင်လည်း Home Quarantine အနေနဲ့ တစ်ပတ်တိတိ နေရပါမယ်။ တစ်ပတ်ပြည့်ပြီဆိုရင်တော့ မိုးညှင်းကပြည်သူ့ဆေးရုံကြီးမှာ ပြန်ပြီးတော့ ကျန်းမာရေးစစ် ဆေးခံရပါမယ်။ အဲ့ချိန် ထပ်စစ်လို့ ကောင်းမွန်တယ်ဆိုကာမှပဲ သူ့ကို ပုံမှန်အတိုင်း လူတွေကြားထဲ သွားလာခွင့် ခွင့်ပြုမှာဖြစ်ပါတယ်။

မေး။ ။ သူ့ကို စောင့်ကြည့်ကုသပေးခဲ့တဲ့ကျန်းမာ ရေးဝန်ထမ်းတွေကိုကော ဆက်ပြီးစောင့်ကြည့်တာမျိုး လုပ်ဖို့ရှိလားဗျ။

ဖြေ။ ။ ဒီရောဂါပိုးတွေ့တဲ့သူနဲ့ ထိတွေ့တဲ့သူတွေပေါ့နော် ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ အပြင်လူတွေပဲ ဖြစ်ဖြစ် သူကရောဂါပိုးရှိမှန်းမသိလို့ ဘာမှ အကာ အကွယ်ပစ္စည်းမရှိပဲနဲ့ တွေ့တယ်ဆိုရင်တော့ သူက အန္တရာယ်ရှိတယ်။ ကူးစက်နိုင်မှုအထိရှိတယ်။ ဒါပေမယ့် သူက ဒီရောဂါပိုးရှိမှန်းသိတော့ သူ့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူတွေ၊ သူ့ကိုထိတွေ့တဲ့သူတွေအားလုံးက PPE ဝတ်စုံတွေ၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေသုံးပြီးမှ စမ်းသပ်ကုသတာတွေ ပြုလုပ်ပေးတာဖြစ်တဲ့အတွက် ရောဂါပိုး ကူးစက် စရာတော့မရှိဘူး။ ဒါကြောင့် Quarantine ထားစရာတော့မရှိဘူး။

မေး။ ။ ဒေါက်တာအနေနဲ့ဘာများ ဖြည့်စွက်ပြောချင်လဲဗျ။

ဖြေ။ ။ ပြည်သူတွေအနေနဲ့ ဒီရောဂါလက္ခဏာနဲ့ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် စောစောစီးစီး ကျန်းမာရေးဌာနကိုပြဖို့၊ ပြီးတော့ ကိုယ်က သံသယလူနာနဲ့ထိတွေ့ခဲ့တာပဲဖြစ်ဖြစ်၊ ပြည်ပက ပြန်လာ တာပဲဖြစ်ဖြစ်၊ ပြီးရင် ကိုဗစ်နိုင်တင်းနဲ့ဆင်တူတဲ့ ရောဂါလက္ခဏာပဲဖြစ်ဖြစ်၊ ခံစားရတယ်ဆိုရင် စောစောသိရင်စောစောအသိပေး၊ စောစောကုသမှုခံယူတယ်ဆိုရင် ကိုယ့်အတွက်လည်း ကောင်းတယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်းကောင်းတယ်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။