Trending Now

တနိုင်းမြို့တွင် ပန့်ဆိုင်များ ပိတ်ထားသည့်အတွက် သုံးဘီးဆိုင်ကယ် ဈေးသည်များ အခက်တွေ့နေရ

Spread the love

တနိုင်းမြို့တွင် ပန့်ဆိုင်များ ပိတ်ထားသည့်အတွက် သုံးဘီးဆိုင်ကယ် ဈေးသည်များ အခက်တွေ့နေရ

EPN
မြစ်ကြီးနား၊ မေ ၂၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ပန့်ဆိုင်ကြီးများ ပိတ်ထားမှုကြောင့် သုံးဘီးဆိုင်ကယ်များဖြင့် ဈေးရောင်းချသူများ အခက်တွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တနိုင်းမြို့တွင် ဆီသယ်ကားများကို ဝင်ခွင့်ပိတ်ထားသည်မှာ တစ်လနီးပါးရှိလာပြီဖြစ်ကာ မြို့အတွင်း စက်သုံးဆီများ ပြတ်လုနီးပါးဖြစ်နေပြီး လက်တလောဖွင့်သည့် အချို့ဆိုင်များတွင်လည်း ဈေးမြင့်တက်ပြီး ရောင်းချနေသည့်အတွက် သုံးဘီးဆိုင်ကယ်ဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသည့် ပြည်သူများ အခက်တွေ့နေရကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

“ ကျွန်မတို့က အရင်ကတည်းက သုံးဘီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မြို့ပတ်ရောင်းပြီး မိသားစုဝမ်းစာ ရှာနေရတာပါ။ အခုတော့ ဆီဈေးတွေကလည်း မြင့်လာတာပဲရှိတယ်။ ဆီဆိုင်အများစုကမဖွင့်ကြဘူးလေ။ ဖွင့်တဲ့ဆိုင်ကျတော့လည်း ဈေးကမကျသလို ဝယ်လို့တောင် မရတဲ့အခြေအနေ ဖြစ်နေပြီ ” ဟု ၎င်းကဆိုသည်။

ဓာတ်ဆီအခက်အခဲကြောင့် ဈေးသည်အများစုမှာ ဈေးရောင်း၊ ဈေးဝယ် အချိန်များကို ယခင်ကထက် လျှော့ချပြီးရောင်းဝယ်နေရကြောင်း ဈေးသည်တစ်ဦးက ဆက်ပြောသည်။

“ ကျွန်မတို့လည်း အရင်ကဆို တစ်နေ့မှာ နှစ်ကြိမ် ဈေးရောင်းထွက်ပြီး ရောင်းရပေမဲ့ အခုဆိုမနက်ပိုင်းပဲ ထွက်ရောင်းရတော့တယ်။ ဒါတောင် တစ်ခါတစ်လေ အရင်းတိုင်း ပြန်မရတာလည်းရှိတယ်။ ကျွန်မတို့က ဒိုင်တွေဆီကနေ တဆင့်ဝယ်ရတယ်။ တစ်ချို့ဟင်းတွေကျတော့ စိုက်ခင်းထိသွားပြီး ဝယ်ရတော့ ဆီဖိုးမတက်နိုင်ရင် လုပ်စားရတာ မလွယ်ဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ လုပ်စားရှာစားနေရတာကိုလည်း စာနာပြီး တာဝန်ရှိတဲ့သူတွေက စီစဉ်ပေးစေလိုတယ် ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ စက်သုံးဆီ အခက်အခဲရှိလာသည့် အတွက်ကြောင့် ဈေးသည်များမှာလည်း ဆီဖိုးနှင့်သင့်လျော်သည့် ဈေးနှုန်းအတိုင်း ဟင်းသီးဟင်းရွက်များကို ရောင်းပေးနေရသလို ဟင်းသီးဟင်းရွက်များ ဝယ်ယူသူများအနေဖြင့်လည်း ယခင်ထက် ပိုဈေးပေးကား ဝယ်ယူစားသောက်နေရကြောင်း ပြည်သူတစ်ဦးထံမှ သိရသည်။

“အခုက လေးငါးထောင်နဲ့ ဟင်းတစ်ပွဲမဖြစ်တော့ဘူး။ မိသားစု ဟင်းတစ်ပွဲပြင်ဆင်ဖို့ကလည်း အနည်းဆုံး တစ်သောင်းလောက်မှ၊ ဒါတောင် အရွက်တွေပဲဝယ်ရသေးတာ။ အသားငါးဝယ်ရင်တော့ ပိုကုန်မှာ သေချာပဲလေ။ အိမ်ကလည်း ဆီဖိုးမတက်နိုင်လို့ ဆိုင်ကယ်နဲ့ မနက်ဈေးတောင် မသွားနိုင်ဘူး။ ဈေးသည်လေးတွေ လာရောင်းတာကိုပဲ ဝယ်စားရတော့ သူတို့ဈေးတိုင်း ကိုယ်ကဝယ်ပေးရတာပေါ့။ ဒီလိုပဲဆက်ဖြစ်နေရင်တော့ တကယ်မလွယ်တော့ဘူး ” ဟု ၎င်းက ပြောသည်။

တနိုင်းမြို့တွင် ဆီသယ်ကားကြီးများကို ဝင်ခွင့်ပိတ်ထားပြီး ပြည်သူများတပိုင်တနိုင် သုံးစွဲရန် မြစ်ကြီးနားမှ ကိုယ်ပိုင်ကားလေးများဖြင့် သယ်ယူခွင့်များကိုလည်း ဝင်ခွင့်ပိတ်ထားသည့်အတွက် ပြည်သူများ စက်သုံးဆီနှင့် သက်ဆိုင်သည့်လုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။