Trending Now

ဆွမ်းခံကြွလာတဲ့ ဘုန်းကြီး တစ်ပါး ပစ်သတ် ခေါင်းဖြတ်ခံရပြီး၊ ဆွမ်းခံကား လုယူခံ

Spread the love

ဆွမ်းခံကြွလာတဲ့ ဘုန်းကြီး တစ်ပါး ပစ်သတ် ခေါင်းဖြတ်ခံရပြီး၊ ဆွမ်းခံကား လုယူခံ
EPN
ဆားတောင်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ညောင်ငုပ်တိုရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်းပေါ်မှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီး ၁ ပါး ပစ်သတ်၊ ခေါင်းဖြတ်ခံရပြီး၊ ဆွမ်းခံကား လုယူခံရတဲ့ ဖြစ်စဥ်တစ်ခု ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဆားတောင်မြို့ခံတွေဆီက သိရပါတယ်။

“ဆွမ်းခံကြွလာရင်း ပစ်သတ် ခေါင်းဖြတ်ခံရတဲ့ ဘုန်းကြီးက သစ္စာရွှေဂူ ဘုန်းကြီးကျောင်းက ခန်းနေ ဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀) ၊ ဝါတော် (၂၀) ဖြစ်တယ်၊ အမည်မသိ လက်နက်ကိုင် အကြမ်းဖက်သမား ၁၅ ယောက်ဝန်းကျင်က ဘုန်းကြီးကို ပစ်သတ် ခေါင်းဖြတ်ပြီး ဆွမ်းခံ ခွေးဘီလူးကားကို လုယူမောင်းနှင်သွားတာ” လို့ သစ္စာရွှေဂူဘုန်းကြီးကျောင်းနဲ့ နီးစပ်သူ တစ်ယောက်က EPN သတင်းဌာနကို ပြောပြပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်း ရေးဖွင့်ထားပြီး နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ ဆားတောင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလကလည်း ဆွမ်းခံကြွလာတဲ့ ကိုရင်လေး ၃ ပါး မိုင်းစထိမှန်ပြီး ကိုရင် ၂ ပါး နေရာမှာတင် ပွဲချင်းပြီး ပျံလွန်တော်မူကာ၊ ကျန် ကိုရင် ၁ ပါး ပြင်းထန် ဒဏ်ရာရတာဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဘုန်းကြီးတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ကားလုယူတဲ့ ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာ၊ ရင်းကျောင်းက ကျောင်းထိုင်ဘုန်းကြီး ဆရာတော် ဥူး ပုညသီရိ သက်တော် ၃၇၊ ဝါတော် ၁၈ ဝါ ဖြစ်တဲ့ ဘုန်းကြီးဟာ ကျန်းမာရေး မကောင်းလို့ မုံရွာကို ဆေးခန်းပြဖို့ မောက်ကြိုးရွာကနေ ရွှေဘို မုံရွာ ကားလမ်းအတိုင်း ဘုန်းကြီးကားနဲ့ ကြွသွားတဲ့အချိန်မှာ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၊ သုဿန်နားအရောက်မှာ လူအင်အား ၃၀ ကျော်ရှိတဲ့ အမည်မသိ လက်နက်ကိုင်တွေက ဘုန်းကြီးကို ဖမ်းဆီးသတ်ဖြတ်ကား ဘုန်းကြီးရဲ့ကားကို လုယူခဲ့တာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။

အဲ့ဒီအပြင် အဲ့ဒီနေ့ကပဲစစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးကျေးရွာအုပ်စု၊ အင်္ဂါထောင့်ကျေးရွာမှာရှိတဲ့ ရွှေအင်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဖြစ်တဲ့ ဆရာတော် ဥူးသောဘိဏ သက်တော် ၅၀ နှစ်၊ ဝါတော် ၃၀ နဲ့ ကပ္ပိယ ဦးညိုမောင် ၆၇ နှစ် ၊ ဘုန်းကြီးကား မောင်းသူ ကိုကျော်ထွန်းဦး ၄၀ နှစ်တို့ ၃ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘုန်းကြီးကားကို လုယူခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။