Trending Now

တနိုင်းမြို့တွင် မုန်တိုင်းအန္တရာယ် တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအသင့်ရှိနေဟုဆို

Spread the love

တနိုင်းမြို့တွင် မုန်တိုင်းအန္တရာယ် တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့များအသင့်ရှိနေဟုဆို

EPN
မြစ်ကြီးနား၊ မေ ၁၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် မုန်တိုင်းအန္တရာယ် တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များ အသင့်ရှိနေကြောင်း သိရသည်။

တနိုင်းမြို့တွင် မုန်တိုင်းရောက်ရှိလာခြင်း မရှိသော်လည်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ မိုခါမုန်တိုင်း ကြောင့် ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းများ ဖြစ်ပေါ်ကာ ပြည်သူများ ဒုက္ခရောက်လျက်ရှိပြီး မိုးလေဝသ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် အတွင်းတွင်လည်း ရောက်ရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မူများ၊ ရပ်ကွက်အတွင်း မုန်တိုင်းဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် လိုအပ်သော လုပ်ဆောင်ချက်များကို ဟောပြောလျက်ရှိကြောင်း တနိုင်းမီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“ ကျွန်တော်တို့ တနိုင်းမြို့မှာတော့ မဖြစ်သေးပေမဲ့ မဖြစ်လာဘူးလို့လည်း ပြောလို့မရဘူးလေ။ ကချင်ပြည်နယ်မှာလည်းဖြစ်နိုင်ချေရှိတယ်ဆိုတော့ ကျွန်တော်တို့ တနိုင်းမြို့မှာရှိတဲ့ ဌာနဆိုင်ရာတွေ အနေနဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေကိုတော့ အဆင်သင့် လုပ်ထားတာတွေရှိပါတယ်။ ကျွန်တော်တို့ တပ်မတော်အင်အား၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၊ မြို့နယ်ထွေအုပ်၊ အရပ်ဘက်အသင်းအဖွဲ့၊ နာရေးကူညီမှုအသင်း၊ ဟူးကောင်းမေတ္တာလူမှုကူညီရေးအသင်း တွေကအဆင်သင့်ရှိတာပေါ့။ ဖြစ်လာခဲ့ရင်လည်း ကယ်ဆယ်ရေး ပစ္စည်းတွေ၊ အိမ်လှဲတာတို့၊ ရေကြီးတာတို့ဆိုရင် သူ့နေရာနဲ့သူ ကယ်ဆယ်ရေးပစ္စည်းတွေလည်း ကျွန်တော် တို့ အသင့်စီစဉ်ထားပါတယ်၊” ဟု ၎င်းကပြောသည်။

တနိုင်းမြို့ရှိ ဌာနဆိုင်ရာများမှ ပြီးခဲ့သည့် မေလ ၁၂ ရက်က စတင်ကာ ကျေးရွာရပ်ကွက်များသို့ မုန်တိုင်းအန္တရယ်မှ ကာကွယ်နိုင်ရန် မုန်းတိုင်းပညာပေးဟောပြောပွဲများ၊ မုန်တိုင်းဖြစ်လာလျှင် မည်ကဲ့သို့ နေထိုင်ရမည်၊ မည်ကဲ့သို့ တိမ်းရှောင်ရမည် စသည်တို့ကို အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် တနိုင်းမြို့ရှိ ရပ်ကွက်များသို့ လေပြင်းတိုက်ခိုက်မူကြောင့် နေအိမ်များ ပျက်စီးခြင်း၊ လမ်းဘေးသစ်ပင်များလဲခြင်း၊ အများပြည်သူဈေးရောင်းဈေးဝယ်ပြုလုပ်သည့်နေရာများ ပျက်စီးခဲ့မှု အပေါ် တနိုင်းမြို့ ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း လည်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။