Trending Now

ပါဝါအိတ်ဇောတပ်ဆင်ကာ မောင်းနှင်မှုများကို ထိရောက်စွာ အရေးယူပေးစေလို

Spread the love

ပါဝါအိတ်ဇောတပ်ဆင်ကာ မောင်းနှင်မှုများကို ထိရောက်စွာ အရေးယူပေးစေလို

EPN Public Vocie
မြစ်ကြီးနား၊ မေလ ၁၂

မြစ်ကြီးနားမြို့အတွင်း ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီများအနေဖြင့် ပါဝါအိတ်ဇောတပ် မောင်းနှင်မှုများသည် ပြည်သူလူထုနှင့် ပတ်ဝန်းကျင်များအတွက် အနှောက်အယှက်တွေ ဖြစ်နေရကြောင်း သိရပြီး ယင်းသို့ပါဝါအိတ်ဇောတပ် သုံးဘီး၊ ဆိုင်ကယ်များကို ထိရောက်စွာ အရေးယူပေးစေလိုကြောင်း မြစ်ကြီးနားမြို့နေ ပြည်သူများက လိုလားနေကြသည်။

သုံးဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီများ၌ ပါဝါအိတ်ဇောတပ်ကာ မောင်းနှင့်မှုကြောင့် ပတ်ဝန်းကျင် အတွက် ဆိုးရွားနေသည့်အပြင် သက်ကြီးရွယ်အိုများအတွက်ပါ စိတ်အနှောက်အယှက် ဆိုးဆိုးရွားရွား ဖြစ်စေကြောင်း မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

“ အခုလို အသံဆိုးဆိုးရွားရွားကြီးက ကျနော်တို့အပြင် အခြားသူတွေလဲမကြိုက်ကြဘူး။ နောက်ပြီး ပတ်ဝန်းကျင်မှာရှိသူတွေ ကို စိတ် အနှောက်အယှက်ဖြစ်စေတယ်၊ သက်ကြီးသူတွေ အတွက်လဲ မကောင်းဘူး၊ အခန့်မသင့်ရင် ရန်ဖြစ်တာမျိုးတွေဖြစ်နိုင်တယ် အဲ့တာကြောင့် သက်ဆိုင်ရာတွေက ထိထိရောက်ရောက် ဆောင်ရွက်ပြီး ရိုးရိုးအိတ်ဇော ပဲတပ်စေလိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုမြစ်ကြီးနားမြို့ပေါ်တွင် ထော်လာဂျီ၊ သုံးဘီးနှင့် ဆိုင်ကယ်များက ပါဝါအိတ်ဇောများတပ်ဆင် မောင်းနှင်နေခြင်းကြောင့် ပတ်ဝန်းကျင် အတွက် ဆူညံမှုဖြစ်စေသလို မြို့အင်္ဂါရပ်နှင့်လည်း ညီညွတ်မှု မရှိကြောင်း မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်နေ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ ဖမ်းတာက လက်ခံတယ်။ ဒါပေမယ့် ဦးထုပ်မဆောင်းရင် ဆိုင်ကယ်သမားပဲသေမှာလေ။ တကယ်လို့ သုံးဘီးတို့ ဆိုင်ကယ်တို့ ထော်လာဂျီတို့က ပါဝါအိတ်ဇော တပ်ရင် မြစ်ကြီးနားတစ်မြို့လုံးအတွက်ကို ဆူတာ။ အသက်ကြီးတဲ့လူတွေ နားမခံနိုင်ဘူး။ အဓိကတော့ ဒီပါဝါအိတ်ဇောတွေကို ဖမ်းရမှာ။ ကျန်တဲ့ မန္တလေးတို့ ဗန်းမော်တို့မှာ ဖမ်းတယ်။ မြစ်ကြီးနားတစ်မြို့ပဲ လွတ်ထားတယ်။ အဓိကတော့ သုံးဘီးနှင့် ထော်လာဂျီအဆိုးဆုံး” ဟု ၎င်းက ပြောသည်။
အဆိုပါ ပါဝါအိတ်ဇောများနှင့် ပတ်သက်၍ စီမံချက်ရေးဆွဲပြီး ဖမ်းဆီးရေးယူခြင်းမျိုး မရှိသော်လည်း တွေ့လျှင် အမြဲတမ်းဖမ်းဆီး အရေးယူနေကြောင်း အမှတ်(၉၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှုး ဒုရဲမှူး ကျော်စိုးဦးက ပြောသည်။

“ဒီလို ပါဝါအိတ်ဇောတပ်တဲ့ ယာဉ်တွေကို ဖမ်းတာက စီမံချက်တွေမရှိဘူး၊ ဒါပေမဲ့ သင်္ကြန်ကာလမှာ တော့ အဲ့လိုတပ်တာက အများကြီးရှိတယ် အဲ့လိုစို စီမံချက်နဲ့ဖမ်းတယ်၊ အခုမှာတော့ အဲ့ဒီလို ပါဝါအိတ်ဇော တပ်မောင်တာတွေကို တွေရင် ဖမ်းဆီးတယ်” ဟု၎င်း ကပြောသည်။
ယခုလို ဆိုင်ကယ်များတွင် ပါဝါအိတ်ဇောတပ် မောင်းနှင်ကြ သူများတွင် ဆယ်ကျော်သက် လူငယ်အရွယ်ပိုင်းများဖြစ်ပြီး ယင်းကဲ့သို့ မောင်းနှင် သူများကို ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

သတင်း – ဝေယံ
ဓါတ်ပုံ – ချိုမောင် (၂၀၂၀ခုနှစ်၊ မတ်လက ဗန်းမော်မြို့တွင် ဆိုင်ကယ်ပါဝါအိတ်ဇော ၂၀၀ ကျော် လမ်းကြိတ်စက်ဖြင့် နင်းခြေဖျက်စီးခဲ့သည့် မြင်ကွင်း)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။