Trending Now

ဟိုပင်၌ စစ်မှုထမ်းဟောင်း ဗက(ငြိမ်း)တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

Spread the love

ဟိုပင်၌ စစ်မှုထမ်းဟောင်း ဗက(ငြိမ်း)တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

EPN
မြစ်ကြီးနား၊ မတ် ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့မတောင်ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးဘေး ရွှေညီကို/ ရွှေအင်းတော်ကြီး ကားဂိတ်အရှေ့တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်မှုထမ်းဟောင်း ဗက(ငြိမ်း) တစ်ဦး သေဆုံးခဲ့ပြီး၊ ကားဂိတ်တွင် လက်မှတ်ရောင်းချနေသူ တစ်ဦးမှာလည်း သေနတ်ထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူ စစ်မှုထမ်းဟောင်း ဦးအောင်မျိုးသန့် ဗက(ငြိမ်း) နှင့် မိုးကောင်းမြို့နယ်နေသူ (၂)ဦး တို့သည် လက်ဘက်ရည်သောက်စကားပြောပြီး ကားဂိတ်မှ ပြန်အထွက်တွင် KIA ဟု ယူဆရသူ လူ (၅) ဦးမှ Honda Fit အစိမ်းရောင် ယာဉ်အမှတ် (စိစစ်ဆဲ)နှင့် HILUX အဖြူရောင် ယာဉ်အမှတ် (စိစစ်ဆဲ) (၂)စီးဖြင့် ရောက်ရှိလာကာ သေနတ်များဖြင့် ပစ်ခတ်ခဲ့၍ နန့်ရင်းချောင်း တစ်ဘက်ကမ်း ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

“ကားနဲ့လာပစ်တယ်၊ ကားမောင်းပြီး ထွက်ပြေးသွားကြတယ်၊ သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ် သွားတာပါ၊ တစ်ဦးသေဆုံးတယ်၊ တစ်ဦးကတော့ ဆေးရုံပို့ပေးလိုက်ကြတယ်၊ KIA က လူတွေလို့ အများက သုံးသပ်ပြောဆိုနေကြပါတယ်။ လူမြင်ကွင်းမှာ ဒီလိုလာပြီး ပစ်ခတ်သွားတာ မြို့ခံလူတွေအတွက် အများကြီး အထိတ်တလန့်ဖြစ်စေပါတယ်။” ဟု အခင်းဖြစ်ပွားရာ မျက်မြင် တွေ့ရှိသူ ဟိုပင်နယ်ခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုအပြီး စစ်မှုထမ်းဟောင်း ဗက(ငြိမ်း)အား သေနတ် ဒဏ်ရာများ ဖြင့်ကား ပေါ်တွင် သေဆုံးလျှက်တွေ့ရှိရပြီး ရွှေအင်းတော်ကြီးကားဂိတ်တွင် လက်မှတ်ရောင်း ချပေးသူ ဂိတ်မှူး၊ မြို့မတောင်ရပ်ကွက် ဟိုပင်မြို့နေထိုင်သူမှာ ယာဘက်ရင်အုံဖောက်ဝင် ဒဏ်ရာ (၁)ချက်ရရှိသဖြင့် ဟိုပင်ပြည်သူ့ဆေးရုံသို့ ဟိုပင်မြို့လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံ ယူလျှက်ရှိကြောင်း သိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။