Trending Now

နိုဇွန်ဘော် တိုက်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း Grade 12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် စားစရိတ်နှင့် သွားလာစရိတ်များအတွက် ဆန်းလင်းကုမ္ပဏီမှ ငွေကျပ် သိန်းရှစ်ဆယ်ကျော် အကုန်အကျခံ ထောက်ပံ့ပေး

Spread the love

နိုဇွန်ဘော် တိုက်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း Grade 12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် စားစရိတ်နှင့် သွားလာစရိတ်များအတွက် ဆန်းလင်းကုမ္ပဏီမှ ငွေကျပ် သိန်းရှစ်ဆယ်ကျော် အကုန်အကျခံ ထောက်ပံ့ပေး

EPN
ချီဖွေ၊ မတ် ၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ နိုဇွန်ဘော် တိုက်နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်း Grade12 ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ စားစရိတ်၊ သွားလာစရိတ် ကုန်ကျမှု အစုစုတို့အတွက် ဆန်းလင်းကုမ္ပဏီမှ ငွေကျပ် သိန်းရှစ်ဆယ်ကျော် အကုန်ကျခံ ထောက်ပံ့ပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

နိုဇွန်ဘော် တိုက်နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ချီဖွေမြို့တွင် သွားရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် လမ်းရိတ်၊ စားသောက်မှု၊ အာဟာရ စားသုံးခြင်းများအတွက် ကျောင်းသားတစ်ဦးလျင် တစ်ရက်နှစ်သောင်းနှုန်းဖြင့် (၄၀)ဦးကို ကူညီထောက်ပံ့ပေးထားကြောင်း ဆန်းလင်းကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

” ကျွန်တော်တို့ တိုက်နယ်က ကလေးတွေ မတ်လ ၁၁ ရက်နေ့မှာ ဖြေကြမယ့် စာမေးပွဲအတွက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ သွားစရိတ်၊ ပြန်စရိတ်။ ပြီးတော့ စာမေးပွဲကာလအတွင်း စားသောက်ဖို့၊ ညဘက် အာဟာရအဖြစ် စားဖို့အတွက် ကုမ္ပဏီက အစစအရာရာ ထောက်ပံ့ကူညီ ပေးထားတယ်။ ပညာရေးအတွက် နှစ်စဉ်ကူညီပေးနေတာ ဟုတ်တယ် ” ဟု ၎င်းကရှင်းပြသည်။

နိုဇွန်ဘော် တိုက်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း Grade12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးနှင့် ဆရာ၊ ဆရာမ (၁၀)ဦး၊ စုစုပေါင်း (၄၀) ဦးအတွက် စားသောက်မှု ကုန်ကျစရိတ် (၈၈) သိန်းကို ဆန်းလင်းကုမ္ပဏီမှ ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ် အတွင်းကလည်း အခြေခံပညာအထက်တန်းကျောင်း (နိုဇွန်ဘော်) ကျောင်းတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးနှင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ (၇) ဦး၊ စုစုပေါင်း (၃၂) ဦးအနက် (၉) ဦး အောင်မြင်ခဲ့ပြီး ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် နိုဇွန်ဘော် အခြေခံပညာ အထက်တန်းကျောင်းမှ (၁၂) ဦး ဖြေဆိုခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ခဲ့သည့်အပြင် ဂုဏ်ထူးဖြင့် ထူချွန်စွာအောင်မြင်ခဲ့သူ နှစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသားသူ များကို ယခင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်းမှ ပညာရေး ထောက်ပံ့ကြေးငွေများကို နှစ်စဉ်ဂုဏ်ပြု ချီးမြှင့်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအပြင် ကချင်အထူးဒေသ (၁) ရှိ ပန်ဝါ၊ ချီဖွေ၊ နိုဇွန်ဘော်၊ ဆော့လော်၊ ဆဒုံး၊ ကံပိုင်တည်၊ မန်ဒေါင်/ မန်ဝိန်း၊ ဆိုင်လော် စသည့် အခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ကျောင်းသား/ သူ စုစုပေါင်း (၁၅၄)ဦးကိုလည်း ဂုဏ်ပြုဆုတံဆိပ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။