Trending Now

ဖားကန့်မြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask ကမ်ပိန်း များ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာ

Spread the love

ဖားကန့်မြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask ကမ်ပိန်း များ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာ

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask ကမ်ပိန်း များ ကို လူမှုကူညီရေးအသင်းများအနေဖြင့် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း ဖားကန့်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းများထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ယခုလအတွင်း ကိုဗစ်အတည်ပြုလူနာ ၆၆ ဦးအထိ ရှိလာပြီး ယင်းအခြေအနေများကြောင့် ကိုဗစ်ရောဂါကိုပြည်သူများသတိထားကြစေရန်နှင့် ရောဂါကာကွယ်ရေးပစ္စည်းများကို စနစ်တကျ ပြန်လည် အသုံးပြုလာကြရန် ရည်ရွယ်ကာ Mask ကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အခု ဒီ (၉)လပိုင်းလောက်က စပြီး ကိုဗစ်ရောဂါပိုးသစ်တွေကို မြန်မာနိုင်ငံအောက်ပိုင်းတွေမှာ တွေ့ရတယ ်ကြားတယ်၊ ဒီတော့ ကျနော်တို့ ဖားကန့်က ပြည်သူတွေ ရောဂါကို မေ့မေ့လျော့လျော့်၊ ပေါ့ပေါ့ဆဆ မနေကြဖို့ သတိပေးတဲ့အနေနဲ့ mask ကမ်ပိန်း ပြုလုပ်ရတာပါ၊ တစ်ပတ်ကို (၁)ကြိမ်လောက် ပြုလုပ်ဖြစ်တယ်၊” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေး ပစ္စည်းများကို အသုံးမပြုကြဘဲ သွားလာလှုပ်ရှားနေကြသည်ကို တွေ့မြင်နေရပြီး ပေါ့ပေါ့ဆဆ မနေကြရန်အတွက် မှာကြားချင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

“ ကိုဗစ် တတိယလှိုင်း ငြိမ်သွားထဲက Mask တွေ မတပ်ကြတော့ဘူး၊လူသွားလူလာတွေ လူစုလူဝေးတွေလဲများလာတယ်၊ ဒီတော့ အခု ရောဂါမျိုးကွဲသစ်က ပေါ်လာပြီလို့ကြားတယ၊် ပြည်သူတွေအနေနဲ့ သတိနဲ့နေပြီး ကာကွယ်ရေးပစ္စည်းတွေကို စနစ်တကျ ပြန်လည် အသုံးပြုကြဖို့ မှာချင်ပါတယ်၊” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း ယခုလ (စက်တင်ဘာလ) မှ စတင်ကာ တစ်ပတ်လျှင် တစ်ကြိမ် Mask ကမ်ပိန်းများပြုလုပ်နေပြီး၊ ရောဂါ ပြန့်ပွားမှု ပြန်လည်ဖြစ်ပေါ်လာပါက လူမှုကူညီရေးများပြုလုပ်သွားရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရသည်။

ယခုလအတွင်း မိုးညှင်းမြို့တွင် ကိုဗစ်ရောဂါ အတည်ပြုလူနာ ၂၆ ဦး၊ မြစ်ကြီးနားမြို့တွင် ၁၉ ဦး၊ ပူတာအိုမြို့တွင် ၁၃ ဦး၊ ဗန်းမော်မြို့တွင် ၅ ဦး၊ မိုးကောင်းမြို့တွင် ၃ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကချင်ပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တွေ့ရှိခဲ့သည့် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း နှစ်သောင်းကိုးထောင်ကျော်ရှိပြီး သေဆုံးသူ ၁၀၄၉ ဦးရှိခဲ့သည့်အနက် မြစ်ကြီးနားမြို့တွင် သေဆုံးသူ ၄၂၂ ဦးဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။