Trending Now

သင်္ကြန်ကာလအတွင်း မြစ်ဖျားဧရာ ယာဉ်ရပ်နားစခန်းမှ အဝေးပြေးယာဉ်လိုင်းတချို့ ရပ်နားရန် ပြင်ဆင်နေ

Spread the love

သင်္ကြန်ကာလအတွင်း မြစ်ဖျားဧရာ ယာဉ်ရပ်နားစခန်းမှ အဝေးပြေးယာဉ်လိုင်းတချို့ ရပ်နားရန် ပြင်ဆင်နေ

EPN
မြစ်ကြီးနား ၊ ဧပြီ၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာ အဝေးပြေးယာဉ် ရပ်နားစခန်းမှ သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှု ရပ်နားသွားမှာဖြစ်ကြောင်း မြစ်ကြီး -မန္တလေး-ရန်ကုန် ပြေးဆွဲနေသည့် ယာဉ်လိုင်းများထံမှ သိရသည်။

ယခင်နှစ်တွင် ကိုဗစ်ရောဂါ အခြေအနေများကြောင့် သင်္ကြန်ပွဲတော် ပြုလုပ်ခြင်းမရှိသည့်အတွက် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲခဲ့သော်လည်း ယခုနှစ်တွင် သင်္ကြန်ပွဲတော် ပြန်လည်ပြုလုပ်မည့်အပြင် နိုင်ငံရေးအခြေအနေများကြောင့် ရပ်နားသွားရန် စီစဉ်ထားကြောင်း မြစ်ကြီးနား- ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“နိုင်ငံရေးအခြေအနေ မကောင်းတော့သင်္ကြန် ကာလအတွင်းမှာ ဘာတွေ ဖြစ်မယ်ဆိုတာပြောလို့မရဘူး၊ လမ်းခရီးသွားလာဖို့ စိုးရိမ်တယ်၊ နောက်ပြီးလက်ရှိမှာလည်း မန္တလေးဘက်သွားမယ်ဆိုရင် အရင်လို တစ်ညအိပ်နဲ့ ရောက်တော့တာမဟုတ်တော့ဘူး၊ ဒါကြောင့် ကျနော်တို့ ယာဉ်လိုင်းအနေနဲ့တော့ သင်္ကြန်ကာလမှာ ပိတ်သွားဖို့စီစဉ်နေတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ သင်္ကြန်ကာလအတွင်း ရပ်နားမည့်ယာဉ်လိုင်းများ အနေဖြင့် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ မြစ်ကြီးနားခရိုင် ယာဉ်များကြီးကြပ်ရေးကော်မတီ ထံ စာရင်းပေးသွင်းရမှာဖြစ်ပြီး ပြေးဆွဲမည့်ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခ တိုးမြှင့်ကောက်ခံခြင်း မရှိစေရန်အတွက်ညွှန်ကြားစာထုတ်သွားမှာဖြစ်ကြောင်း ယာဉ်ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မနှစ်ကတော့ သင်္ကြန်မရှိလို့ ကားရပ်နားတာတွေ မရှိခဲ့ဘူး၊ ဒီနှစ်က သင်္ကြန်လုပ်မယ်ဆိုတော့ အခါတိုင်းနှစ်တွေလို ရပ်နားမယ့် လိုင်းရှိရင် စာတင်ဖို့ အတွက် စာထုတ်သွားဖို့ရှိတယ်၊ မနက်ဖြန်ကစပြီး ရပ်နားမယ့် ယာဉ်လိုင်းတွေ လာရောက် တင်ပြနိုင်ပြီဖြစ်တယ် ယာဉ်စီးခနဲ့ ပတ်သက်လို့ တိုးမြှင့်ကောက်ခံတာရှိရင် ခရီးသွားပြည်သူတွေအနေနဲ့ လာရောက်တိုင်ကြားနိုင်ဖို့အတွက် စီစဉ်ထားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြစ်ဖျားဧရာ အဝေးပြေးဂိတ်မှ ပြေးဆွဲနေသည့် HIGH CLASS ၊ ဂျိန်းဖော့သူ၊ ရွှေကချင်၊ တက်နေလင်း၊ ဘုရင် စသည့် ယာဉ်လိုင်းတချို့ သင်္ကြန်ကာလအတွင်း ပြေးဆွဲမှု ရပ်နားသွားမှာဖြစ်ကြောင်း EPN သတင်းဌာနသို့ အတည်ပြု ပြောဆိုထားသည်။

ကချင်ပြည်နယ် မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြည်နယ် အနှံ့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ( ၄၀)လိုင်း နှင့် ပြည်နယ်တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ( ၆၇)လိုင်း စုစုပေါင်း ယာဉ်လိုင်း (၁၀၇)လိုင်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။