Trending Now

ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွား နေမှုကြောင့် ပြတ်တောက်နေသည့် ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန် အချိန်ကြာမြင့်အုံးမည်ဟုဆို

Spread the love

ဖားကန့်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွား နေမှုကြောင့် ပြတ်တောက်နေသည့် ၆၆ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန် အချိန်ကြာမြင့်အုံးမည်ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်ရှိ နန့်တိမ်းဂိတ်အနီး တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲတိုကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ လက်နက်ကြီးထိမှန်မှုကြောင့် ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး၊ လက်ရှိတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေမှုကြောင့် ဓာတ်အားလိုင်းပြုပြင်ရန် အချိန်ကြားမြင့်အုံးမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့မှ စတင်ကာ နန့်တိမ်းဂိတ်အနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယခုရက်ပိုင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် သွားရောက်ပြုပြင်ရန် မဆောင်ရွက်နိုင်သေးကြောင်း ဖားကန့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ၄ ရက်နေ့လောက်ထဲက လက်နက်ကြီးထိပြီး ဖားကန့်-မိုးကောင်း ဓာတ်အားလိုင်းဖြစ်တဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ပြတ်သွားခဲ့တယ်။ ရှေ့ရက်တွေက တိုက်ပွဲတွေညိမ်သွားတော့ ဒီလအကုန်လောက်မှာ ဓာတ်အား ပြန်လည်ရရှိနိုင်မယ်လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်းမှာတိုက်ပွဲက ပြန်ဖြစ်လာတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ပွဲတွေကြားထဲ သွားလာဖို့ အဆင်မပြေနိုင်တဲ့အတွက် ပထမ ယူဆထားတဲ့ရက်ကို ကျော်ပြီးမှသာ ဓာတ်အားရရှိနိုင်လောက်တယ်။ တိုက်ပွဲ ညိမ်သွားရင်တော့ အမြန်ဆုံး ကောင်မွန်အောင်ဆောင်ရွက်သွားမှာပါ ” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၁၀)နာရီခန့်က နန့်တိမ်းဂိတ်အနီး လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ယင်းလက်နက်ကြီး ထိမှန်မှုကြောင့် မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်းဖြစ်သည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း ပျက်သွားရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို ဓာတ်အားလိုင်းပြတ်တောက်မှုများကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် ဖားကန့်မြိုနယ်အတွင်း ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုများဖြင့် ကြုံတွေ့နေရကြောင်း ဖားကန့်မြိုတွင်းနေ ဒေသခံတစ်ဦးက ပြောသည်။

” အခုလို နိုင်ငံရေး မတည်ငြိမ်တာကို အခွင့်ကောင်းယူတဲ့ သူခိုး၊ ဓားပြတွေက ပိုပေါလာတယ်။ အခုလို မီးအလင်းရောင် မရရှိတာဟာ သူတိုအတွက်က အခွင့်အရေးကောင်း ဖြစ်နေတယ်။ ဖားကန့်မှာ ပိုဆိုးတာက လူသတ်၊ ဓားပြတိုက်တာတွေ ဖြစ်နေတော့ ဒေသခံတွေက ကြောက်လန့်နေရတယ်။ ရံဖန်ရံခါ တိုက်ပွဲတွေကြောင့်လည်း ဒေသခံတွေက စိုးရိမ်နေကြတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖားကန်မြို့နယ်အတွင်းလျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဒေသခံများအတွက် ဖားကန့်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းမိသာစုဝင်များ စုပေါင်းပြီး ငှက်ပျောတောရပ်ကွက်ရှိ လျှပ်စစ်ရုံးရှေ့တွင် မီးစက်နှိုးကာ ဖုန်းအားသွင်းရန်နှင့် အခြားလျှပ်စစ်ပစ္စည်းများကို အခမဲ့ အားသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။

ယင်းကဲ့သို လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် ဖားကန့် မြိုပေါ်ရပ်ကွက်များ၊ ဆိုင်းတောင်၊ လုံးခင်းကျေးရွာများမှာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဗညားနွဲ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။