Trending Now

ဖားကန့်မြို့တွင် ပြန်ပေးဆွဲခံရသည့် မြို့မ လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ကို ယနေ့တိုင် ဆက်သွယ်၍မရသေး

Spread the love

ဖားကန့်မြို့တွင် ပြန်ပေးဆွဲခံရသည့် မြို့မ လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ကို ယနေ့တိုင် ဆက်သွယ်၍မရသေး

EPN
ဖားကန့်၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက်၊ ဘေလီတံတားထိပ်ရှိ မြို့မလက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်အား အမည်မသိအဖွဲ့မှ ၁၃ ရက်နေ့ ညေနပိုင်းအချိန်က ပြန်ပေးဆွဲခံခဲ့ရပြီး ယနေ့တိုင် မည်သည့်အဆက်အသွယ်မှ မရရှိသေးကြောင်း ၎င်း၏သားဖြစ်သူထံမှ သိရသည်။

အဆိုပါ လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်မှာ ဇွန်လ ၁၃ရက်နေ့ ညနေ ၄နာရီအချိန်တွင် ဆိုင်ကယ်ဖြင့် အပြင်သွားရာတွင် အမည်မသိအဖွဲ့က ပြန်ပေးဆွဲပြီး ရွှေတစ်ဆယ်သားနှင့် ငွေသား ကျပ်သိန်း (၃၀၀) ဖြင့် လာရောက်ရွေးပါဟု ဆိုသည့်အတွက် သွားရောက်ပေးဆောင်ခဲ့ကြောင်း၊ ၆ ရက်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း မည်သည့် အဆက်အသွယ်မှ မရရှိသေကြောင်း ဦးသိန်းလွင်၏ သားဖြစ်သူမှ ယခုလိုပြောသည်။

” ဇွန် ၁၃ရက်နေ့က အဖေအပြင်ကို ဆိုင်ကယ်နဲ့ သွားတဲ့အချိန် ပြန်ပေးဆွဲခံရတာပါ။ ည၇နာရီ အချိန်လောက်မှာ သူတို့ဖုန်းဆက်လို့ ဆိုင်းတောင်ဘက်မှာ ရွှေတစ်ဆယ်သားနဲ့ ငွေသား သိန်း (၃၀၀) သွားပေးတယ်။ သူတို့ ထားခဲ့ဆိုတဲ့ နေရာမှာ ရွှေနဲ့ငွေ ချထားခဲ့တယ်။ အဖေ့ကိုယ် တစ်ခါတည် ခေါ်သွားမယ်ပြောတော့ သူတို့လာပို့ပေးမယ်ဆိုပြီး ယနေ့ အချိန်ထိ ပြန်မရောက်သေးဘူး၊အခုဆိုရင် ၆ ရက်လောက်ရှိပြီ ” ဟု ၎င်းကပြောသည်။

ဦးသိန်းလွင်အား ပြန်ပေးဆွဲသူများသည် ရွှေတစ်ဆယ်သားနှင့် ငွေသိန်း (၃၀၀) ကျပ် ယူဆောင်ပြီး ဦးသိန်းလွင်အား ပြန်လည် လွတ်ပေးခြင်းမရှိသကဲ့သို့ ဖုန်းအဆက်အသွယ်လည်း မရရှိတော့သောကြောင့် သိရသည်။

ဖားကန့်မြို့တွင် ပြန်ပေးဆွဲကာ ငွေကြေး တောင်းသည့် ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိပြီး ခိုးဆိုးလုယက်မှုများလည်း မကြာခဏဖြစ်ပေါ်နေကာ ဇွန်လ ၄ ရက်နေ့ကလည်း လုံးခင်းကျေးရွာ ရဲစခန်းအနီးရှိ နေအိမ်တစ်လုံးတွင် လုယက်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားကို မျက်စိကိုတိပ်ဖြင့်စည်း၍ လက်ပြန်ကြိုးချည်ထားခဲ့ပြီး ကားတစ်စီးနှင့် ငွေကျပ်သိန်း ၄၀ ခန့်ကို ယူသွားခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ယင်းအပြင် မေလ၂၈ ရက်နေ့နှင့် ၃၀ ရက်နေ့တို့ကလည်း ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စုရှိ သံယောဇဉ်နန်းတော် တည်းခိုခန်းတွင် လုယက်မှုဖြစ်ပွားခဲ့ပြီး ပိုင်ရှင်အမျိုးသမီး သတ်ဖြတ်ခံခဲ့ရခြင်းနှင့် ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် ကျောက်လောပန်းအား ဓားပြတိုက်ကာ ရွှေနှင့် ကျောက်စိမ်းများ ယူဆောင်သွားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။