Trending Now

လေယာဉ်လက်မှတ် ဝယ်မရတော့သည့်အတွက် မြစ်ကြီးနား – ပူတာအို ခရီးသည်များ အခက်တွေ့

Spread the love

လေယာဉ်လက်မှတ် ဝယ်မရတော့သည့်အတွက် မြစ်ကြီးနား – ပူတာအို ခရီးသည်များ အခက်တွေ့

EPN
(ပြည်သူ့အသံ)
မြစ်ကြီးနား၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအို သွားမည့် ခရီးသည်များမှာ လေယာဉ် လက်မှတ်ဝယ်ယူ၍ မရတော့သည့် အတွက် ကုန်းလမ်းခရီးဖြင့်သာ သွားလာနေရသည်မှာ အခက်အခဲကြုံတွေ့နေရကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

လေကြောင်းခရီးဖြင့် မြစ်ကြီးနား – ပူတာအိုအား အပတ်စဉ် စနေနေ့တိုင်း ပြေးဆွဲလျှက်ရှိသော်လည်း လက်ရှိတွင် နိုဝင်ဘာလကုန် အထိ လေယာဉ်လက်မှတ် ဝယ်မရခြင်း၊ ကြိုတင်ဝယ်ယူထားသူများ ရှိနေသည့်အတွက် ကုန်းလမ်းဖြင့်သာသွားလာနေရပြီး ယင်းကဲ့သို့ ကုန်းကြောင်း လမ်းဖြင့် သွားလာချိန်တွင် လမ်း၌ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အစစ်အဆေးခံနေရခြင်းကြောင့် အချိန်ကြန့်ကြာခြင်းအပြင် တိုက်ပွဲဖြစ်ချိန်နှင့် ကြုံတွေ့မှာ စိုးရိမ်ခြင်း၊ KIA လက်နက်ကိုင် အဖွဲ့မှ ငွေတောင်းခြင်း၊ ဖမ်းဆီးခေါ်ဆောင်မည်ကို ကြောက်ရွံ့ခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူအချို့က EPN သတင်းဌာနသို့ ဆက်သွယ် ပြောပြလာကြသည်။

“အခုက နိုင်ငံရေး အခြေအနေမကောင်းတဲ့ အချိန်ဆိုတော့ လေယာဉ်နဲ့ သွားတာပဲ အဆင်ပြေတယ်။ဒါပေမဲ့ လက်မှတ်က နိုဝင်ဘာလထိတောင် ဝယ်မရတော့ဘူးဆိုတော့ ကားနဲ့ပဲ သွားရတော့မှာပေါ့။ကုန်းလမ်း ကတော့ အဆင်မပြေ ဘူး။ လမ်းမှာတိုက်ပွဲဖြစ်တာနဲ့ ကြုံမှာ စိုးရတယ်၊ အစစ်အဆေးတွေအရမ်းများနေတယ်။ စစ်တပ်ဂိတ်တွေတော့ ခေါ်စစ်လည်း ကြောက်စရာမရှိဘူး၊ လူဖမ်းတာခေါ်တာမျိုး မရှိဘူး။ ကြောက်နေရတာက KIA အဖွဲ့တွေကိုကြောက်ရတယ်။ သူတို့က လူငယ်တွေကို အရမ်းဖမ်းတယ်၊ အဲ့လိုတွေဖမ်းတော့ ကားနဲ့သွားလာနေရတာအဆင်မပြေဘူး” ဟု ၎င်း ခရီးသွားပြည်သူများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ မြစ်ကြီးနား – ပူတာအို ကားလမ်းသည် အစစ်ဆေးများသောကြောင့် ကားဖြင့် သွားလျှင် ၁၂ ရီ ဝန်းကျင်ခန့် မောင်းနှင်ရကြောင်း ခရီးသည်တစ်ဦးက ပြောပြသည်။

“ဟိုးအရင် ခေတ်က ကားလမ်းတွေ မကောင်းသေးတော့ လမ်းမှာ ညအိပ်ရတယ်၊ ဒါပေမယ့် အခုလိုမျိုး စိုးရိမ်စိတ်နဲ့ သွားရတာမဟုတ်ဘူး၊ ခေါင်းပြားအောင် အိပ်ပြီး စိတ်ချလက်ချသွားလို့ရတယ်၊ အခုခေတ်က ကားလမ်းတွေ ကောင်းလာပြီ ဆိုပေမယ့်လဲ နိုင်ငံရေးက မကောင်း‌ နေ့ချင်းပေါက် ရောက်မယ့် ခရီးကို လမ်းမှာ ညအိပ်ရပြန်တယ်၊ မြစ်ကြီးနားကပဲ သွားသွား၊ ပူတာအိုကပဲ လာလာ တစ်လမ်းလုံး စိတ်ပူပြီး သွားလာနေရတယ်၊ တကယ်ကို မလွယ်ဘူးဗျာ” ဟု ခရီးသည်တစ်ဦး၏ ရင်‌ဖွင့်သံကို ကြားရသည်။

ထိုသို့ ကားလမ်းပိုင်းတွင် အခက်အခဲ များရှိသဖြင့် ခရီးသည်အချို့မှာ မြစ်ကြီးနား – ပူတာအို လေကြောင်း ခရီးစဉ် ထပ်မံ တိုးချဲ့ပြေးဆွဲပေးစေလိုကြောင်း ခရီးသည်တစ်ဦးကလည်း “လေယာဉ်က တစ်ပတ်ကို တစ်ကြိမ်ပဲရှိတော့ လေယာဉ်စောင့်ရတာလဲ ဒုက္ခတစ်ခုပဲ၊ အခုချိန်က သီတင်းကျွတ်ကာလ ခရီးသည်အရမ်းကြပ်တဲ့အချိန်ဆိုတော့ လက်မှတ်တွေ လုံးဝကို ဝယ်လို့မရတော့ဘူး၊ ဖြစ်နိုင်မယ်ဆို တာဝန်ရှိသူတွေအနေနဲ့ ခရီးစဉ် ထပ်မံတိုးချဲ့ပေးရင်တော့ အကောင်းဆုံးပါပဲ” ဟု ဆိုသည်။

မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွင် လက်နက်ကိုင်များ၏ အစစ်အဆေး များပြားခြင်း၊ တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်ခြင်း၊ KIA အဖွဲ့များမှ ငွေတောင်းခြင်း၊ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနားမြို့တွင် အဝေးသင်တက်မည့် ပူတာအိုခရိုင် အတွင်းမှ ကျောင်းသား/သူများ (၇၀) နီးပါးအား တပ်မတော်လေကြောင်းဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။