Trending Now

လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားသံတမန်နှစ်ဦးကို အမေရိကန်က နှင်ထုတ်

Spread the love

လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားသံတမန်နှစ်ဦးကို အမေရိကန်က နှင်ထုတ်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၇

အမေရိကန်သံတမန်နှစ်ဦးကို ပြီးခဲ့တဲ့လက မော်စကိုက ထုတ်ပယ်ပြီးနောက် လက်တုံ့ပြန်တဲ့အဆင့်အဖြစ် နိုင်ငံအတွင်းမှာရှိတဲ့ ရုရှားသံတမန်နှစ်ဦးကို နှင်ထုတ်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

“သံတမန်နှစ်ဦးကို အမေရိကန်သံရုံးကနေ ပြင်းပြင်းထန်ထန် နှင်ထုတ်လိုက်တဲ့ ရုရှားပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ ရုရှားသံရုံးက အရာရှိနှစ်ဦးကို နှင်ထုတ်လိုက်ပါတယ်။” လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလာ က ပြောပါတယ်။

အမေရိကန်ကောင်စစ်ဝန်ရုံးမှာ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ ရုရှားနိုင်ငံသား ရောဘတ်ရှာနာဗ်နဲ့ဆက်သွယ်မှုပြုလုပ်ခဲ့တဲ့ အမေရိကန်သံတမန်နှစ်ဦးကို နှင်ထုတ်ခဲ့တယ်လို့ ရုရှားက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

ရောဘတ်ရှာနာဗ်ဟာ ရုရှားမီဒီယာတွေကို ပုံမှန်စောင့်ကြည့်ဖို့ အမေရိကန်က ခန့်အပ်ခဲ့သူတစ်ဦးလို့ ရုရှားက ပြောဆိုခဲ့ပြီး ယူကရိန်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်အချက်အလက်တွေ ပေးဆောင်တယ်ဆိုတဲ့ စွဲချက်နဲ့ သူ့ကို ဖမ်းဆီးထားတယ်လို့ ရုရှားက သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ရုရှားအစိုးရရဲ့ သံတမန်တွေအပေါ် နှောက်ယှက်မှုပုံစံကို သည်းခံမှာမဟုတ်ဘူးလို့ မီလာက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပြီး “ဌာနရဲ့ လုပ်ဆောင်ချက်တွေက မော်စကိုမှာရှိတဲ့ ကျွန်တော်တို့ရဲ့ သံရုံးဝန်ထမ်းတွေကို နှောက်ယှက်မှုနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား သတင်းစကား ပေးပို့လိုက်တာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ပြီးခဲ့သည့်နှစ်က မော်စကိုက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာဆိုးရွားလာခဲ့ပြီး အကျဉ်းသားလဲလှယ်ရေး အစီအစဉ်နဲ့ သီးခြားကိစ္စရပ်တွေကလွဲလို့ ရုရှားနဲ့ ထိပ်တန်းအဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်စရာမရှိဘူးလို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။

စစ်မဖြစ်မီကပင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒေသတွင်း ဝန်ထမ်းခန့်ထားမှုကို ကန့်သတ်လိုက်ပြီးနောက် ရုရှားနိုင်ငံမှာ အမေရိကန်သံတမန်ထားရှိမှုကို သိသိသာသာ လျှော့ချခဲ့ပါတယ်။

အမေရိကန်က လာမယ့်လမှာပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပေမယ့် အဖွဲ့ဝင်ဖြစ်တဲ့ ရုရှားသမ္မတပူတင်ကိုတော့ ကြိုဆိုမှာမဟုတ်ဘူးလို့ မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“သူကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် သူ့ကိုယ်ပိုင်နယ်နိမိတ်ကို စွန့်ခွာဖို့ တွန့်ဆုတ်နေတဲ့ ဗလာဒီမာပူတင်ဟာ ဆန်ဖရန်စစ္စကိုမှာ အစည်းအဝေးတစ်ခုမှာ ပေါ်လာခဲ့ရင် အရမ်းအံ့သြမိမှာပဲ” လို့လည်း မီလာက သရော်ခဲ့ပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။