Trending Now

ထော့ကော်ကိုးလမ်းပိုင်းမှ ယာဥ်/ ကုန်တန် (၂၀)အထိ ကုန်တင်ယာဥ်ကြီးများအား ပြန်လည်ဖြတ်သန်းခွင့်ပြု

Spread the love

ထော့ကော်ကိုးလမ်းပိုင်းမှ ယာဥ်/ ကုန်တန် (၂၀)အထိ ကုန်တင်ယာဥ်ကြီးများအား ပြန်လည်ဖြတ်သန်းခွင့်ပြု

EPN
မြဝတီ၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

ကရင်ပြည်နယ်ရှိ မြဝတီ-ထော့ကော်ကိုးလမ်းပိုင်းတွင် ယာဥ်/ ကုန်တန် (၂၀)အထိရှိသော ကုန်တင်ယာဥ်ကြီးများကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည်ဖြတ်သန်းခွင့် ပြုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်အတွင်း၌ မြန်မာ့တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ၍ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ အာရှလမ်းမကြီးအား ပိတ်ထားသဖြင့် ခရီးသည်တင်ယာဥ်များ၊ အိမ်စီးယာဥ်များ၊ ကုန်တင်ယာဥ်ငယ်များနှင့် ကုန်တင်ယာဥ်ကြီးများမှာ မြဝတီ-ထော့ကော်ကိုး လမ်းပိုင်းကိုသာ အသုံးပြု သွားလာရလျက်ရှိရာမှ ဇန်နဝါရီ ၁ ရက်မှ စတင်၍ လမ်းပိုင်းအခြေအနေအရ ကုန်တင်ယာဥ်ကြီးများဖြစ်သည့် ၁၀ ဘီး၊ ၁၂ ဘီးနှင့် ကုန်တင်တွဲယာဥ်များကို ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ကြောင်း သိရသည်။

” ကုန်တင်ကားကြီးတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တော့ ကုန်တွေကို ကားလေးတွေနဲ့ပဲ အခေါက်ခေါက်ခွဲသယ်နေကြရတဲ့အခါ ကုန်ကျစရိတ်က ပိုများလာတယ်။ အခု ကုန်/ ယာဥ်တန်ချိန်သတ်မှတ်ပြီး ဖြတ်သန်းခွင့် ပြန်ပေးလိုက်တော့ ကုန်ကျစရိတ် အများကြီးသက်သာသွားနိုင်တယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကုန်တင်ယာဥ်များအား မြဝတီ-ထော့ကော်ကိုးလမ်းပိုင်းမှ ပြန်လည်ဖြတ်သန်းခွင့်ပြုရာ၌ ဖြတ်သန်းခြင်းမပြုမီ ကုန်တင်ယာဥ်များအားလုံး ကတ္တားချိန်ရမည်ဖြစ်ပြီး၊ ယာဥ်/ကုန် (၁၅)တန်ပါ ၆ ဘီးကုန်တင်ယာဥ်များ၊ ယာဥ်/ကုန် (၂၀)တန်ပါ ၁၀ ဘီး၊ ၁၂ ဘီး ကုန်တင်ယာဥ်ကြီးများကိုသာ ဖြတ်သန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ကုန်တင်ယာဥ်ကြီးများအား မြဝတီ-ထော့ကော်ကိုးလမ်းပိုင်းတွင် နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။