Trending Now

၁၂ ကြိမ်မြောက် မဲခေါင်စာပေဝတ္ထုတိုပေါင်းချုပ်ဆု မြစ်ကြီးနားက စာရေးဆရာ အကြီးကိုကို (ကသာ) ရရှိ

Spread the love

၁၂ ကြိမ်မြောက် မဲခေါင်စာပေဝတ္ထုတိုပေါင်းချုပ်ဆု မြစ်ကြီးနားက စာရေးဆရာ အကြီးကိုကို (ကသာ) ရရှိ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇
မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆု ရွေးချယ်ရေးအဖွဲ့မှ ပြိုင်ပွဲဝင်စာအုပ်များ ဖိတ်ခေါ်၍ အပြီးသတ် စိစစ်ရွေးချယ်ခဲ့ရာ ဝတ္ထုတိုပေါင်းချုပ်ဆုကို အကြီးကိုကို (ကသာ) ရေးသားသည့် ”ပြိုပျက်ခဲ့သော သက္ကရာဇ်များ” (Anthology of Ruined Eras) က ရရှိခဲ့ကြောင်း သိရသည်။
၎င်း ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုမှာ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် တရုတ် (ယူနန်ပြည်နယ်) နိုင်ငံတို့ပါဝင်သည့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများအတွက် ချီးမြှင့်မည့် ဆုဖြစ်ပြီး ဝတ္ထုတို ပေါင်းချုပ်ဆုကို အကြီးကိုကို(ကသာ) ရေးသားသည့် ”ပြိုပျက်ခဲ့သော သက္ကရာဇ်များ” (Anthology of Ruined Eras) နှင့် ကဗျာပေါင်းချုပ်ဆုကို စလင်းဘုန်းကျော်ရေးသားသည့် “နွေဦးအော်ပရာ ကဗျာများ” (Spring Opera Poems) တို့မှ ဆုရရှိခဲ့ကြောင်း သိရသည်။
“စာရေးဆရာဆိုတာက ကိုယ်ဆုရချင်လို့ ရေးတာ မဟုတ်သော်ငြားလည်း ကိုယ့်စာအုပ်ကို တည်းတဲ့သူတွေ၊ အကဲဖြတ်တဲ့သူတွေ ရွေးချယ်တဲ့သူတွေရဲ့ နှလုံးသားနဲ့ တစ်စုံတစ်ရာ ထိခတ်မိတဲ့အချိန်မှာ ရွေးချယ် ခံရတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီစာအုပ်တွေကို ရေးတဲ့အချိန်မှာ ဆုရပါစေလို့ စိတ်နဲ့ ရေးတာမဟုတ်ဘူး။ ကျွန်တော်တို့စာအုပ်တွေကို အသိအမှတ်ပြု ရွေးချယ်တဲ့အတွက် အင်မတန်ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးဆရာတွေအတွက် ဆုဆိုတာလဲ ရုပ်ရှင်မင်းသားတွေလိုပြောရင် အကယ်ဒမီပါပဲဗျ။ အဲ့ဒီအတွက် အင်မတန်ကို ဝမ်းသာတယ်လို့ပြောပါရစေ” ဟု ဝတ္တုတိုပေါင်းချုပ်ဆု ရရှိခဲ့သည့် စာရေးဆရာ အကြီးကိုကို (ကသာ) ကပြောသည်။
အဆိုပါ ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ၊ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည့် ”ပြိုပျက်ခဲ့သော သက္ကရာဇ်များ” စာအုပ်မှာ ထုတ်ဝေခဲ့ပြီးသည့် စာအုပ်များ အနက် ၁၆အုပ်မြောက်စာအုပ်ဖြစ်ပြီး၊ ဝတ္တုတို ၁၅ပုဒ် ပါဝင်ကြောင်း သိရသည်။
“ဒီ ပြိုပျက်ခဲ့သော သက္ကရာဇ်များဆိုတာက ကျွန်တော်ဘဝရဲ့ဖြတ်သန်းမှု ကျွန်တော်ဘဝရဲ့ ပြိုလဲခဲ့တဲ့ သက္ကရာဇ်တွေကို စုစည်းပြီးထုတ်ထားတဲ့အတွက် ဒီနာမည်ပေးလိုက်တာပါ။ အရှင်းဆုံးပြောရရင် ကျွန်တော်ဘဝ ဖြတ်သန်းမှုတွေ အများဆုံးပါတယ်လို့ ပြောရမှာပါ။ ခုလိုစာရေးဆရာတွေကို အသိအမှတ်ပြုတဲ့ အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို နည်းနည်းလေး ထောက်ပြချင်ပါတယ်။ စာရေးဆရာတွေကို အသိအမှတ်မပြုတဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ မတိုးတက်ပါဘူး။ စာရေးဆရာတွေကို အသိအမှတ်ပြုတဲ့ တိုင်းပြည်သာလျင် တိုးတက်ပါတယ်လို့ ပြောချင်ပါတယ်”ဟု အကြီးကိုကို(ကသာ)က ပြောသည်။
အဆိုပါ ၁၂ ကြိမ်မြောက် မဲခေါင်စာပေဆုချီးမြှင့်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အလှည့်ကျ တာဝန်ယူရမည့် လာအိုနိုင်ငံ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါအခြေအနေ များကြောင့် ဗီယက်နမ်နိုင်ငံ၌ မကျင်းပဖြစ်ခဲ့သည့် ယခင်နှစ် ဆုချီးမြှင့်ပွဲအတွက်ကိုလည်း ယခုနှစ် လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆုချီးမြှင့်ပွဲတွင် စုပေါင်း၍ ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စာရေးဆရာ အကြီးကိုကို (ကသာ)သည် ၂၀၁၇ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ စာပေဆုနှင့် ၂၀၁၈ ခုနှစ်တွင် မြင်းမူစာပေဆုတို့ကို “သားနဲ့သမီးဖတ်ဖို့စာ” စာအုပ်ဖြင့် ဆုများရရှိခဲ့ပြီး ထို့အပြင် ၎င်းသည် ဝေလံခေါင်ဖျား ဒေသများကို ဦးစားပေးကာ မြန်မာတစ်နိုင်ငံလုံးတွင် စာကြည့်တိုက်များ ဖွင့်ခဲ့သည့်အတွက် နိုင်ငံတော်အစိုးရမှ ဂုဏ်ပြုချီးမြှင့်ပေးအပ်သည့် လူမှုထူးချွန်ဆု(ဒုတိယအဆင့်) ကို ယခုနှစ် ဇန်နဝါရီလက ချီးမြှင့်ခံရသူ တစ်ဦး ဖြစ်သည်။
ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။