Trending Now

မြစ်ကြီးနားတွင် စားအုန်းဆီ အဝင်နည်းသောကြောင့် ခွဲတမ်းဖြင့်သာ ရောင်းချပေးနေရ

Spread the love

မြစ်ကြီးနားတွင် စားအုန်းဆီ အဝင်နည်းသောကြောင့် ခွဲတမ်းဖြင့်သာ ရောင်းချပေးနေရ

EPN

မြစ်ကြီးနား၊မတ် ၈

ယခုရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး အဝင်နည်းလာသောကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဆီဆိုင်များအနေဖြင့် ခွဲတမ်းဖြင့် ရောင်းချပေးနေရကြောင်း စားအုန်းဆီအရောင်းဆိုင်များမှ သိရသည်။

စားအုန်းဆီများကို ရန်ကုန်၊မန္တလေးရှိ ဆီဒိုင်များမှ အဓိကမှာယူနေရပြီး ယင်းမှာယူနေရသည့် ဒိုင်များပင်လျင် လိုသလောက်ဝယ်ယူ၍မရ ဖြစ်နေကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူ တစ်ဦးက ပြောသည်။

“အခုက ဖောက်သည်တွေကို ဦးစားပေး ရောင်းပေးနေရတယ်။လက်လီသမားတွေကို ဦးစားပေးပြီး ရောင်းပေးနေတယ်။အရင်လို စိတ်ကြိုက် လိုသလောက် မရောင်းပေးတော့ဘူး။ခွဲတမ်းပုံစံမျိုးနဲ့ တစ်ဦးကို ၂ ပိသာပဲရောင်းပေးတယ်”ဟု ယင်းကပြောသည်။

စားအုန်းဆီဈေးနှုန်း အတက်အကျမှာ ရန်ကုန်နှင့် မန္တလေးတို့ရှိ ကုမ္ပဏီ ကြီးများပေါ်တွင် မူတည်နေပြီး ဈေးနှုန်းမှာလည်း နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုရှိနေကြောင်း သိရသည်။

“အရင်ကဆိုရင် ရန်ကုန်ကနေ တစ်ခါမှာရင် ဆီပုံး ၅၀၀၊၁၀၀၀လောက်မှာနေတဲ့သူတောင် အခုဆိုရင် တစ်ခါမှာမှ ဆီပုံး ၂၀ ပဲ မှာလို့ရတော့တယ်။ဈေးကလည်းနေ့တိုင်းလိုတက်နေတာ။တစ်ရက် နှစ်ရာတက်တာရှိသလိ၊သုံးရာတက်တာလည်း ရှိတယ်”ဟု ယင်းကထပ်မံပြောသည်။

စားအုန်းဆီများကို မလေးရှားနိုင်းငံမှ အဓိက တင်သွင်းလျက်ရှိပြီး ကမ္ဘာဈေးမှာလည်း အဆမတန်မြင့်တက်လာသကဲ့သို့ ဝင်ရောက်မှုမှာလည်း လျော့နည်းလာကြောင်း၊ယခင်က စားအုန်းဆီတစ်တန်လျင် ရင်းဂစ် ၅၀၀၀သာရှိရာမှ ယခုအခါတွင် စားအုန်းဆီတစ်တန်လျင် ရင်းဂစ် ၈၀၀၀ ကျော်အထိ မြင့်တက်လာကြောင်းနှင့်ပြည်တွင်းဈေးနှုန်းမှာလည်း တစ်ပိသာလျင် ၇၅၀၀ကျပ် အထိ ဈေးရှိကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။