Trending Now

ဆွမ်ပရာဘွမ်မြို့နယ်တွင် စတုတ္ထတန်းသင်ရိုးသစ် Grade – 4 ဆင့်ပွား သင်တန်းဖွင့်လှစ် လျက်ရှိ

Spread the love

ဆွမ်ပရာဘွမ်မြို့နယ်တွင် စတုတ္ထတန်းသင်ရိုးသစ် Grade – 4 ဆင့်ပွား သင်တန်းဖွင့်လှစ် လျက်ရှိ 

EPN
ဆွမ်ပရာဘွမ်၊ ဇွန် ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ မူလတန်းကျောင်း စတုတ္ထတန်းသင်ရိုးသစ် Grade – 4 ဆင့်ပွားသင်တန်းကို နံနက် ၈နာရီ မှ ညနေ ၄နာရီထိ ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဘက်စုံထူးချွန်ပြီးအရည်အချင်း ပြည့်ဝသည့်ဆရာ/ဆရာမများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း၊ ကလေးများ၏သင်ယူမှုဖြစ်စဉ်အလိုက် သင်ကြားမှုများနှင့် ချဉ်းကပ်နည်းများကို အဓိကထားသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို ဇွန် ၁၅ ရက်မှ ၂၁ ရက်နေ့ထိ (၆) ရက် ကြာဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ Face to Face သင်ကြားပေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသောကိုဗစ် – ၁၉ နှင့် ပတ်သက်၍ စည်းကမ်းချက်များနှင့်အညီစနစ်တကျ လက်ဆေးကြောခြင်း၊ ကိုယ် အပူချိန်တိုင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင်ထားခြင်း၊ Mask တပ်ဆင်စေခြင်းဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် သင်တန်းသား (၂၀) ဦးဖြင့် စာသင်ခန်း (၃) ခန်း အသုံးပြု၍ သင်ကြားပို့ချလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။

ထိုသင်တန်းကို ဇွန်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့က စတုတ္ထတန်း သင်ရိုးသစ်နည်းပြ Online သင်တန်းတက်ရောက်ခဲ့သော ဆရာ/ဆရာမ (၉) ဦးက ဆင့်ပွားသင်ကြားပို့ချပေးပြီး အခြေခံပညာမူလတန်း ကျောင်းမှ မူလတန်းပြ ဆရာ/ဆရာမ (၄၉) ဦးသင်တန်း တက်ရောက်ကြကြောင်းသိရသည်။

ဖုန်ကန်၊ ကုဋေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။