Trending Now

မြစ်ကြီးနားတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသည့် အမျိုးသမီးတစ်ဦး ယာဉ်နောက်ဆုတ်ရာမှ လူတိုက်မိ၍ သေဆုံးမှုဖြစ်ပွား

Spread the love

မြစ်ကြီးနားတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသည့် အမျိုးသမီးတစ်ဦး ယာဉ်နောက်ဆုတ်ရာမှ လူတိုက်မိ၍ သေဆုံးမှုဖြစ်ပွား

 

EPN

မြစ်ကြီးနား ၊မတ် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက် က.ည.န ယာဉ်မောင်းလက်တွေ့စစ်ဆေးကွင်းတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုသည့် အမျိုးသမီးတစ်ဦး ယာဉ်နောက်ဆုတ်ရာမှ နောက်တွင်ထိုင်နေသည့် အမျိုးသားတစ်ဦးအား ဝင်တိုက်မိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်နေ ဒေါ်နွယ်နွယ်သိန်းမှ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ယာဉ်မောင်းလက်တွေ့စစ်ဆေးမှုဖြစ်သည့် ကားနောက်ဆုတ်ပါကင်ထိုးစဉ် အရှိန်လွန်၍ အနောက်ဘက် ပလက်ဖောင်းတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးအား ဝင်တိုက်မိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားမှာ ယာဉ်မောင်းလိုင်စင်လာရောက်ဖြေဆိုသည့် ရန်ကြီးအောင်ရပ်ကွက်နေ အသက် ၅၇ နှစ်အရွယ် ဦးဌေးညွှန့်ဆိုသူဖြစ်ပြီး ရရှိသည့်ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ယာဉ်မောင်း ဒေါ်နွယ်နွယ်သိန်းက ရွှေအိုက်ရပ်ကွက် ယာဉ်မောင်းလက်တွေ့ဖြေဆိုတဲ့ကွင်းမှာ ကားနောက်ဆုတ်ပါကင်ထိုးရတာ အဲ့တာကို လီဗာနဲ့ ဘရိတ်နဲ့ မှားတဲ့ပုံစံမျိုးနဲ့ အရှိန်လွန်ပြီး အနောက်ကထိုင်နေတဲ့သူကို ဝင်တိုက်သွားတာ သေဆုံးတဲ့သူကလည်း ယာဉ်မောင်းလိုင်စင်လာဖြေဆိုတဲ့ အမျိုးသားတစ်ဦးဟုတ်တယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်နွယ်နွယ်သိန်းအား မဆင်မခြင် မောင်းနှင် နောက်ဆုတ်မှုကြောင့် ယာဉ်(ပ) ၄/၂၂ ရာဇသတ်ကြီးပုဒ်မ-၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။