Trending Now

Covid19 စောင့်ကြည့်လူနာများထားရန် ကွန် တိန် နာယာယီဆေးရုံကို တစ်ပတ်အတွင်းအပြီးတည်ဆောက်မည်

Spread the love

Covid19 စောင့်ကြည့်လူနာများထားရန် ကွန်တိန်နာယာယီဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်
 

EPN
မုံရွာ၊ မတ်  ၂၃

Covid19 စောင့်ကြည့်လူနာများထားရန်အတွက် မုံရွာမြို့တွင် ကွန်တိန်နာယာယီဆေးရုံကို တစ်ပတ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

ယနေ့ နံနက်ပိုင်း မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘက်စုံသုံးအစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ၎င်းကယင်းကဲ့သို့ပြောကြားခဲ့သည်။

“စနေနေ့က တိုင်းအဆင့် Covid19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကော်မတီအဖွဲ့နဲ့ အလှူရှင် ကိုမျိုးဝင်းလေးတို့ တွေ့တယ်၊ သူ့ဆီမှာ ကွန်တိန်နာတွေရှိတယ်ပေါ့။ မြေယာကလဲ ပြည်သူ့ဆေးရုံနဲ့နီးတဲ့နေရာလဲရှိတယ်ပေါ့။ အဲဒါနဲ့စဉ်းစားကြတယ်။ ဒါနဲ့မြေနေရာသွားကြည့်တော့ အဆင်ပြေတယ်။ စောစောကွန်တိန်နာတွေကပူမယ်ထင်တာပေါ့။ ဖြစ်ပါ့မလားပေါ့။ ကွန်တိန်နာမှာ အဲယားကွန်းနဲ့ရေလှိုင်း၊ မီးလှိုင်းတွေအကုန်ပါတယ်။ အိမ်သာတွေနဲ့ရေချိုးခန်းတွေလဲပါတယ်။ ၄၀ပေ၈၀ပေခန်း တစ်ခန်းကို နှစ်ယောက်ထားရတယ်။ မနေ့ကစပြီးဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာဇော်ဝင်းက ပြောသည်။

အဆိုပါယာယီဆေးရုံကို အလျား ၄၀ ပေ အနံ ၈ ပေ ရှိကွန်တိန်နာ ၁၅ လုံးဖြင့် ထားရှိတည်ဆောက်မည်ဖြစ်ပြီး လူနာ ၂၀ ဆံ့ မည်ဖြစ်ကြောင်း သိရသည်။

ယာယီဆေးရုံကို မုံရွာမြို့ ဒေါနံခြံရပ်ကွက် စားသုံးသူရေးရာဌာနပိုင် ဝန်းအတွင်း တည်ဆောက်မည်ဖြစ်ပြီး အဆိုပါယာယီဆေးရုံကို မတ် ၂၈ ရက်နေ့တွင် အပြီးတည်ဆောက်မည်ဖြစ်သည်။

ယာယီဆေးရုံတည်ဆောက်ရေးနှင့် ကွန်တိန်နာ ဘောက်များကို မုံရွာမြို့မှအလှူရှင်ကိုမျိုးဝင်းလေးမှ ပံ့ပိုးပေးခြင်းဖြစ်ပြီး လိုအပ်သည့်ဆေးများအသုံးဆောင်များအတွက် တိုင်းဒေသကြီးအစိုးအရဖွဲ့နှင့် ဒေသခံမြို့မိမြို့ဖများတို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

“ကိုရိုနာဗိုင်းရပ်စ်အတွက် ဆောက်တာ ကွန်တိန်နာ၁၅လုံးပါ။ ကွန်တိန်နာ၁၅လုံးမှာ လူနာနေနိုင်ဖို့ရာ ၁၀ လုံးပါ။ တစ်ဦးတစ်ယောက်ဆီမှာ တစ်ခန်းဆီပေါ့။ ကျန်းမာရေးဝန်ထမ်းအတွက် ကွန်တိန်နာ ၂ လုံး၊ ဓာတ်ခွဲခန်းပစ္စည်းထားဖို့ရာ ၁ လုံး၊ အထွေထွေပစ္စည်းထားဖို့ရာလုံးပါ။ တပတ်လောက်အပြီး ဆောင်ရွက်မှာပါ။ ဒါကတော့ တနိုင်ငံလုံးလူသားအားလုံးရဲ့အရေးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကလဲ အနယ်နယ်အသီးအသီးကနေအလုပ်လုပ်ပြီး ပြန်လာကြပြီ။အဲတော့ဒီဟာလေးမြန်းပါလာခဲ့သည်ရှိတော် ဘယ်လိုကာကွယ်မလဲ။ ဘယ်လိုဖစိမလဲ။ ဒါအားလုံးအကြံညဏ်လေးရတော့ တိုင်းဒေသအစိုးရနဲ့ တိုင်ပင်တယ်။ အားလုံးတိုင်ပင်တော့ လုပ်ဆောင်ခြင်းဖြစ်တယ်”ဟု ကိုမျိုးဝင်းလေးက ပြောသည်။

အဆိုပါပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်တကွ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတို့က တက်ရောက်ခဲ့ကြသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။