Trending Now

ဂါဇာမြောက်ပိုင်းက လူတစ်သန်းကျော်ကို ၂၄ နာရီအတွင်း ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်သတိပေး

Spread the love

ဂါဇာမြောက်ပိုင်းက လူတစ်သန်းကျော်ကို ၂၄ နာရီအတွင်း ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်သတိပေး
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အဓိကဖြစ်ရပ်များ (အောက်တိုဘာ ၁၃-၂၀၂၃)
EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃
ကုလဝန်ထမ်းတွေအပါအဝင် ဂါဇာမြောက်ပိုင်းက လူတစ်သန်းကျော်ကို လာမယ့် ၂၄ နာရီအတွင်း တောင်းဘက်ကို ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်က သတိပေးခဲ့ပြီးနောက် မြေပြေစစ်ဆင်ရေးတွေ ထိုးစစ်ဆင်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
ရက်ပိုင်းအတွင်း ဂါဇာမြို့တော်မှာ သိသာထင်ရှားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး ဒေသခံ ပါလက်စတိုင်းတွေဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်ရရှိမှာသာ နေအိမ်ကို ပြန်လာနိုင်မယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။
ဝါဒီ ဂါဇာဒေသဟာ ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ထက်ဝက်ခန့်ရှိတဲ့ လူဦးရေ ၁.၁ သန်းခန့်ကို လွှမ်းခြုံထားကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး ဒီအမိန့်ကို ပြန်လည်ရုပ်သိမ်းဖို့ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။
“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေ မပျက်စီးစေဘဲ ဒီလိုလှုပ်ရှားမှုမျိုးလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂက ယူဆပါတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်မြောက်ပိုင်းကို အစ္စရေးက ရှင်းပစ်မယ့် အစီအစဉ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဘေရွတ်မြို့သို့ရောက်ရှိနေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေမယ်ဆိုပါက စစ်ပွဲဟာ အခြားမျက်နှာစာတွေမှာလည်း ဖွင့်လှစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အစ္စရေးတန်ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်မှာ ကလေး ၅၀၀ နဲပ အမျိုးသမီး ၂၇၆ ဦးအပါအဝင် အနည်းဆုံး ၁၅၃၇ ဦး သေဆုံးခဲ့ပြီး ၆၆၁၂ ဦး ဒဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးမှာလည်း စစ်သား ၂၂၂ ဦးအပါအဝင် သေဆုံးသူအရေအတွက် ၁၃၀၀ ကျော်သွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
မကြာသေးမီက အစ္စရေးကို တိုက်ခိုက်ရာမှာ ဟားမတ်စ်က အသုံးပြုခဲ့တဲ့ လက်နက်တွေဟာ မြောက်ကိုရီယားက ထုတ်လုပ်တာဆိုတဲ့အချက်ကို မြောက်ကိုရီယားက ငြင်းဆိုခဲ့ပြီး အမေရိကန်က မှားယွင်းစွပ်စွဲမှုတွေနဲ့ ပဋိပက္ခအတွင်းမှာ ပြုံယမ်းကို ဆွဲထည့်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂါဇာကမ်းမြှောင်ဒေသရဲ့ ကျန်းမာရေးစနစ်ဟာ စိုးရိမ်မှတ်ကို ကျော်လွန်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ကာကွယ်ဖို့ အချိန်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သတိပေးထားပါတယ်။
“ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေအပြင် လူနဲ့ လူနာတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတစ်ခု ချက်ချင်းဖွင့်လှစ်ဖို့ တောင်းဆိုပါတယ်။” လို့ WHO က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး “ဟားမတ်စ်တွေ ကျူးလွန်တဲ့ ဆိုးရွားတဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအပြီးမှာ အမေရိကန်ဟာ အစ္စရေးနဲ့အတူ ရပ်တည်နေပါတယ်” လို့ ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ထပ်မံပြောကြားခဲ့ပါတယ်။
မေရိကန်လွှတ်တော်အမတ် Maxwell Frost က ဂါဇာမှာ အစ္စရေးက ဖော့စဖရပ်ဖြူအသုံးပြုမှုကို ရှုတ်ချခဲ့ပြီး “အစ္စရေးအနေနဲ့ ဖော့စဖရပ်ဖြူအသုံးပြုမှု၊ အရပ်သားတွေကို ဗုံးခွဲတာ၊ စုပေါင်းအပြစ်ပေးမှုတွေကို တားမြစ်ထားတဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာရပါမယ်။” လို့ X ပလက်ဖောင်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်းလက်နက်ကိုင် ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲဖြစ်လာမှာကို စိုးရိမ်နေတဲ့ အစ္စရေးနဲ့ နယ်စပ်အနီး လက်ဘနွန်းတောင်ပိုင်းက ကျေးရွာတွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်းပြည်သူ ၄၂၃,၃၇၈ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။
ကလေးငယ်တွေ သတ်ဖြတ်ခြင်းနဲ့ ခေါင်းဖြတ်ခြင်းတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ဟားမတ်စ်က ကြာသာပတေးနေ့မှာ ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပြီး အဆိုပါစွပ်စွဲချက်တွေဟာ “ကျင့်ဝတ်သိက္ခာမဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့ အနောက်မီဒီယာတွေက ပြုလုပ်ခဲ့တာ” လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးကို ဟားမတ်စ်က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့အခါ Iron Dome ကာကွယ်ရေးစနစ်တွေက ကာကွယ်ပေးနိုင်ပေမယ့် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ဗုံးတွေကနေ လုံခြုံစိတ်ချရတဲ့ နေရာမရှိဘူးလို့ ပါလက်စတိုင်းတွေက ပြောပါတယ်။
အစ္စရေးလေတပ်ဟာ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာကမ်းမြှောင်ကို စုစုပေါင်း ဗုံး ၆၀၀၀ ကြဲချခဲ့တယ်လို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
Ref; aljazeera/theguardian
video – Israel Defense Forces/Jackson Hinkle

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။