Trending Now

လက်လုပ်လှေနဲ့ သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ သြစတြေးလျအမျိုးသားကို ကယ်တင်နိုင်ခဲ့

Spread the love

လက်လုပ်လှေနဲ့ သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ သြစတြေးလျအမျိုးသားကို ကယ်တင်နိုင်ခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၄

လက်လုပ်လှေတစ်စင်းနဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပေမယ့် လှေတိမ်းမှောက်သွားပြီး သမုဒ္ဒရာထဲမှာ နာရီပေါင်းများစွာ မျောပါနေတဲ့ သြစတြေးလျအမျိုးသားကို အပျော်စီးသင်္ဘောတစ်စင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် သြစတြေးလျနိုင်ငံသား တွန်ရောဘင်ဆန်ဟာ လက်လုပ်လှေနဲ့ သမုဒ္ဒရာကို ပထမဆုံးဖြတ်ကူးနိုင်တဲ့ အသက်အငယ်ဆုံး စွမ်းဆောင်သူ ဖြစ်လာဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ရော်ဘင်ဆန်ရဲ့ ရေမိုင်ပေါင်း ၈၀၀၀ ကျော်ကို ဖြတ်ကျော်မယ့် ခရီးစဉ်ဟာ ယမန်နှစ် ဇူလိုင်လအတွင်းမှာ ပီရူးနိုင်ငံက စတင်ခဲ့တာဖြစ်ပြီး သြစတြေးလျနိုင်ငံကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ရောက်ရှိဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

သူ့ကို တောင်ပစိဖိတ်သမုဒ္ဒရာနိုင်ငံ ဗာနူအာတူ ကမ်းရိုးတန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၀၀ အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဝတ်ဗလာအဖြစ်နေတဲ့ တွန်ကို အပျော်စီးသင်္ဘော P&O Pacific Explorer က အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းက ကယ်တင်ခဲ့တာဖြစ်ပါတယ်။

သူ့ကို ကယ်တင်ခဲ့တဲ့ P&O Pacific Explorer သင်္ဘောပေါ်မှာ နေလောင်ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းအတွက် ဆေးကုသမှုခံယူခဲ့ရပေမယ့် ကျန်းမာရေးကောင်းမွန်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ သူ့ရဲ့ လှေတိမ်းမှောက်မှုကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် အရေးပေါ် မီးရှုးမီးပန်းကို ပစ်လွတ်ခဲ့တာကို တွေ့ခဲ့ရပြီးနောက် ကယ်ဆယ်ရေးလုပ်ဆောင်မှုကို စတင်ခဲ့တာလို့ သိရပါတယ်။

ရော်ဘင်ဆန်က သူ့ကိုကယ်တင်ခဲ့တဲ့ သင်္ဘောနဲ့ သင်္ဘောသားတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး P&O Pacific Explorer ဦးတည်သွားနေတဲ့ နယူးဇီလန်၊ အော့ကလန်မြို့ကတဆင့် သူ့ရဲ့ နေအိမ်ကို ပြန်မယ်လို့ သိရပါတယ်။

ref; bbc
Photo – tomrobinson

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။