Trending Now

ယခုနှစ် နှစ်စပိုင်းလများတွင် မုံရွာဆိပ်ကမ်း၌ ကုန်စည်စီးဆင်းမှုလျော့နည်း

Spread the love

ယခုနှစ် နှစ်စပိုင်းလများတွင် မုံရွာဆိပ်ကမ်း၌ ကုန်စည်စီးဆင်းမှုလျော့နည်း

 

EPN
မုံရွာ၊ မတ် – ၂၂

၂၀၂၀ခုနှစ် နှစ်စပိုင်းလများတွင် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ဒေသများသို့ ကုန်စည်စီးဆင်းမှု လျော့နည်းသွားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံးမှ သိရသည်။

မုံရွာမြို့ဆိပ်ကမ်းမှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ ကုန်စည်များတင်ပို့လျှက်ရှိရာ ယခုအချိန်သည် ပွင့်လင်းရာသီဖြစ်သဖြင့် ကားလမ်းများကောင်း မွန်လာသည့်အတွက် ရေလမ်းကြောင်းထက် ကုန်းလမ်းမှတဆင့် ကုန်စည်တင်ပို့မှု များပြားလာခြင်းကြောင့် ကုန်စည်စီးဆင်းမှု လျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

“၂၀၁၉ ဒီဇင်ဘာလတုန်းကတော့ ကုန်စည်တင်ပို့မှုများပါတယ်၊ ၂၀၂၀ နှစ်စပိုင်းလတွေမှာတော့ ကုန်စည် တင်ပို့မှုကျသွားတယ်၊ ပွင့်လမ်းရာသီဖြစ်တဲ့အတွက် ကားလမ်းတွေကောင်းလာတဲ့အတွက် ရေကြောင်းကနေ ပို့တာနည်းသွားပြီး ကုန်းလမ်းနဲ့သွားတာ များတယ်၊ ကုန်းလမ်းနဲ့ပို့တာက ကုန်စီးဆင်းမှု လည်း မြန်တယ် အိမ်အရောက်လည်း ကားတွေနဲ့ တင်ပို့နိုင်တဲ့အတွက် ကုန်သည်တွေက ကားကိုပိုပြီးတော့ အသုံးပြုလာကြတယ်၊ ရေကြောင်းကျတော့ ဆိပ်ကမ်းကနေ မော်တော်ပေါ်တင်၊ မော်တော်ကနေ ကုန်းပေါ်တင်ဆိုတော့ ပွင့်လင်းရာသီမှာ ရေကြောင်းပို့ ဆောင်ရေးက အားနည်းလာတယ်”ဟု စစ်ကိုင်းတိုင်း ဒေသကြီး ပြည်တွင်းကုန်တင်ကုန်ကျကော်မတီရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်အုန်းက ပြောသည်။

၂၀၁၉ နှစ်ကုန်ပိုင်းလများတွင် မုံရွာဆိပ်ကမ်းမှ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများသို့ ကုန်စည်စီးဆင်းမှု များပြားသဖြင့် တစ်ရက်လျှက်‌ နေ့စဉ် ကုန်တင်ရေယာဉ် (၈)စီးခန့်ပြေးဆွဲလျှက်ရှိရာမှ ၂၀၂၀ နှစ်စပိုင်း လများတွင်မူ တစ်ရက်လျှင် နေ့စဉ် ကုန်တင်ရေယာဉ် (၃)စီးခန့်သာ ပြေးဆွဲရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ‌ချင်းတွင်းမြစ်ရေလမ်းကြောင်း ကြပ်တည်းမှုများ မကြာခဏဖြစ်ပေါ်နေသည့်အတွက် ရေယာဉ်များသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရေလမ်းကြောင်းပြ အမှတ်အသားများ အတိုင်း မောင်းနှင်ရန်နှင့် ရေယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်ကိုလည်း စနစ်တကျစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ရေယာဉ်များကို ပြေးဆွဲစေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

“ဒီလိုရာသီမှာဆိုရင် ချင်းတွင်းမြစ်က ရေကြောင်းပါးတဲ့အတွက် ရေအရင်းအမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချင်းတွင်းမြစ်ရဲ့ ရေအနက်ပေကို ထုတ်ပြန်ပေးပါတယ်၊ အဲဒီ အကြောင်းကြားစာ ရရှိတာနဲ့တစ်ပြိုင်နက် သက်ဆိုင်ရာ ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့‌တွေ၊ ရေယာဉ်အသင်းတွေကို ပြန်ပြီးတော့ အကြောင်းကြားပေးပါတယ်၊ နောက်ပြီးတော့ ရေပေါ်ပြ ကုန်းပေါ်ပြ အမှတ်အသားတွေအတိုင်း မောင်းနှင်ဖို့နဲ့ ရေစူးရေမှတ်ထက်ပိုမတင်ဖို့ကိုလည်း ညွှန်ကြားထားပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထွန်းက ပြောသည်။

ချင်းတွင်းမြစ်အထက်ပိုင်းမြို့နယ်များသို့ ကုန်စည်စီးဆင်းမှုအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် (၁၀၃ ၅၄.၀၄)တန်၊ ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် (၇၃၅၃.၇၂) တန်၊ ဖေဖေါ်ဝါရီလတွင် (၇၉၂၄.၈၄)တန်ကို ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

မုံရွာ ကုန်တင်ကုန်ချဆိပ်ကမ်း၌ ကုန်စည်စီးဆင်းမှု လျော့နည်းသွားသဖြင့် ကုန်တင်ကုန်ချအလုပ်သမား များမှာလည်း ဝင်ငွေရရှိမှု နည်းပါးလာကာ ယခင်လများက တစ်ရက်လျှင်(၁)သောင်းကျပ်ခန့် ဝင်ငွေရရှိနေ ရာမှ ယခုအခါ တစ်ရက်လျှင်(၅)ထောင်ကျပ်ဝန်းကျင်သာ ရရှိတော့ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံးများကို မုံရွာမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ကလေးဝမြို့၊ ကလေးမြို့၊ တမူးမြို့၊ ရွှေဘိုမြို့၊ အင်းတော်မြို့၊ ကောလင်းမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့တို့တွင် ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ အဆိုပါဆိပ်ကမ်း၌ ကုန်တင်ကုန်ချ အလုပ်သမား (၉၇၁) ယောက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။