Trending Now

ကုလားပဲစိုက်ပျိုးမှု ထွက်နှုန်းနည်း၍ ဈေးနှုန်းအဆမတန် မြင့်တက်လာ

Spread the love

ကုလားပဲစိုက်ပျိုးမှု ထွက်နှုန်းနည်း၍ ဈေးနှုန်းအဆမတန် မြင့်တက်လာ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၁

မြစ်ကြီးနားမြို့ပေါ်တွင် ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ ကုလာပဲများ ဈေးနှုန်း အဆမတန် ဈေးမြင့်တက်လာကြောင်း ကုန်ခြောက်ရောင်းဝယ်ရေး လက်လီ လက်ကားဆိုင်များမှ သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင် ဒေသများမှ မှာယူတင်သွင်း ရောင်းချနေသည့် ကုလားပဲများမှာ ယခုနှစ်အတွင်း ကုလားပဲ အထွက်နှုန်း နည်းပါးခြင်းနှင့် လက်ကျန် ကုလားပဲ ‌ေလျာ့နည်းနေသည့်အတွက် ဝယ်လိုအားကောင်းလာနေခြင်းတို့ကြောင့် လက်ရှိအချိန်တွင် ကုလားပဲ ဈေးနှုန်းများ အဆမတန် ဈေးနှုန်းမြင့် တက်လာကြောင်း ကုန်စုံရောင်းဝယ်ရေး လုပ်ငန်းရှင်များက ရှင်းပြသည်။

” မေလ နောက်ဆုံးအပတ်လောက်ကနေ ကုလားပဲဈေးတွေ တရိတ်ရိတ်ဈေးတက်လာတယ်။ ကုလားပဲ စိုက်ပျိုးတဲ့ အလယ်ပိုင်းဒေသတွေမှာ ကုလားပဲအထွက်နှုန်း ကျဆင်းတာတွေလည်း ရှိတယ်။ ပြီးတော့ မန္တလေး ကုန်စည်ဒိုင်တွေမှာလည်း လက်ကျန်ကုလားပဲနည်းတယ် ကြားတယ်။ အဲ့တာတွေကြောင့် အခု ကုလားပဲ တစ်ပိဿာကို တစ်သောင်းကျော် ဈေးနှုန်းတွေ ဖြစ်ကုန်တာ ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကုလားပဲ ဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် တစ်ပိုင်တနိုင် စားသောက်ကုန် ရောင်းချနေသည့် ဈေးသည်များ အနေဖြင့်လည်း ကုန်ဈေးနှုန်းပေါ် မူတည်၍ ဈေးနှုန်းပြန်လည် မြှင့်တင်ရောင်းချနေရကြောင်း ရှင်းပြသည်။

” ကုလားပဲ ဈေးနှုန်းမှ မဟုတ်ဘူး။ အားလုံး ဈေးတွေတက်တာပါ။ အဲ့ဒါကြောင့် ခေါက်ဆွဲဆိုင်၊ မုန့်ဟင်းခါး၊ ကုလားပဲကြော်၊ ဗရာကြော် ထမင်းဆိုင် အကုန်ဈေးနှုန်းတွေ တက်နေကြတယ်။ အရင်ဈေးနှုန်းနဲ့ လုံးဝမကိုက်လို့ ဈေးတက် ရောင်းနေရတယ် ” ဟု မြစ်ကြီးနားမြို့ ခေါက်ဆွဲ၊ မုန့်ဟင်းခါး ဆိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ကုလားပဲ ဈေးနှုန်းများသည် ပြီးခဲ့သည့် နှစ်အတွင်းက တစ်ပိဿာလျင် ၂၀၀၀ ကျပ် သာရှိခဲ့ပြီး လက်ရှိအချိန်တွင် ကုလားပဲ တစ်ပိဿာကို ၁၀၀၀၀ ကျပ် အထိ ဈေးနှုန်းများ မြင့်တက်လာပြီး၊ ပိဿာအချိန်သုံးဆယ်ပါ တစ်အိတ်လျင် နှစ်သိန်းကျော်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။