Trending Now

မှော်ဝမ်းအုပ်စုအတွင်း သက်တမ်းကုန်လုပ်ကွက်များ၌ စက်ယန္တရားများဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်မှုများရှိနေ

Spread the love

မှော်ဝမ်းအုပ်စုအတွင်း သက်တမ်းကုန်လုပ်ကွက်များ၌ စက်ယန္တရားများဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်မှုများရှိနေ

EPN
ဖားကန့်၊ မေ ၉

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ မှော်ဝမ်းကျေးရွာအုပ်စုအတွင်း သက်တမ်းကုန် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များတွင် ယခု မေလအတွင်း စက်ယန္တရားများဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်မှုများ ရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါတရားမဝင် တူးဖော်နေသည့်နေရာများမှာ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေး ကျေးရွာ အနီးတွင် ဖြစ်ပြီး ယင်းသို့ တူးဖော်ရာတွင် တစ်နေရာလျှင် လူဦးရေ ခြောက်ဆယ်ခန့်နှင့် စက်ယန္တရားကြီးများ အသုံးပြုကာ တူးဖော်နေခြင်း ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များလဲ ပါဝင်ပတ်သက်နေကြောင်း ဒေသခံတစ်ဦးက EPN သို့ အခိုင်အမာ ပြောဆိုသည်။

“မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးက အုပ်ချုပ်ရေးမှူးများနဲ့ ပူးပေါင်းပြီး ကျောက်တွေ ခိုးတူးနေတယ်လို့ သတင်းအတိအကျ ရထားပါတယ်၊ စက်ယန္တရားတွေနဲ့ အကြီးအကျယ်တူးနေပါတယ်၊ အဲ့မှော်ဝမ်းကြီး ကျောက်တူးဖော်ရေး လုပ်ကွက်ဟောင်းမှာ ရဲတပ်ရင်း လက်ရှိ ရှိနေပါတယ်၊ မှော်ဝမ်းကြီးဘက်မှာ ဘက်ဟိုး ၄စီးနဲ့ စက်ယန္တရား ၆စီးရှိပါတယ်၊ မှော်ဝမ်းလေးဘက်မှာ စက်ယန္တရား ၂စီးနဲ့ ဆယ့်နှစ်ဘီးကား ၂ စီးရှိပါတယ် လူအင်အားကတော့ တစ်ကျင်းကို ခြောက်ဆယ်လောက်ရှိပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် ကိုမင်းမင်းစိုးက ပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့သို့ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့နှင့် တစ်စုံတစ်ရာ ပတ်သက်ခြင်းမရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ ထို့အပြင် ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)သို့ ဆက်သွယ်မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ၎င်းနေရာသို့ သွားရောက်စစ်ဆေးသွားမည်ဟု ဖြေကြားခဲ့သည်။

လက်ရှိတွင် ကချင်ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းသည် ဖားကန့်ဒေသသို့ ရောက်ရှိနေသဖြင့် အဆိုပါနေရာများသို့ လာရောက်စစ်ဆေးပေးစေလို​​ကြောင်း ဒေသခံများက လိုလားနေကြသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။