Trending Now

ချီဖွေမြို့ အမှိုက်ကျင်းသစ် သွားလမ်းအား ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ဆောင်ရွက်

Spread the love

ချီဖွေမြို့ အမှိုက်ကျင်းသစ် သွားလမ်းအား ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ဆောင်ရွက်

EPN
ချီဖွေ၊ ဧပြီ ၅ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့တွင် အများပြည်သူ အသုံးပြုနေသည့် အမှိုက်ပုံကျင်းဟောင်းတွင် အမှိုက်စွန့်ပစ်နေခြင်းမှာ မြို့အင်္ဂါရပ်နှင့် မဆီလျော်၍ အမှိုက်ကျင်းသစ်နေရာ နေရာအား လမ်းသစ်ဖောက်လုပ်နေခြင်းကို ဒေသခံပြည်သူများ၏ ကိုယ်ထူကိုယ်ထ အလှူငွေဖြင့် ဆောင်ရွက်နေကြောင်း ချီဖွေမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ချီဖွေ၊ ပန်ဝါသွားလမ်းတွင် အများပြည်သူ အသုံးပြုနေသည့် အမှိုက်ပုံမှာ မြို့အင်္ဂါရပ်နှင့် လိုက်ရောညီထွေမှု မရှိသောကြောင့် အမှိုက်ပုံအသစ် ပြုလုပ်ရန် မြေနေရာ သတ်မှတ်ထားခြင်းရှိရာ အဆိုပါ အမှိုက်ပုံကျင်းသစ်သို့ အမှိုက်များ စွန့်ပစ်ခြင်း လွယ်ကူစေရန် လမ်းသစ်ဖောက်ခြင်း၊ သဲကျောက်ခင်းခြင်း လုပ်ငန်းများကို ဒေသခံ မြို့မိ၊ မြို့ဖတို့၏ အလှူငွေများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

” ယခင် အမှိုက်ပုံဟောင်းကို ချီဖွေ၊ ပန်ဝါ သွားလမ်းဘေးမှာ အသုံးပြုနေတာ။ အခုက ကွန်ကရစ်လမ်းလေး ဖြစ်သွားတော့ မြို့အင်္ဂါရပ်နဲ့ မညီလာတော့ဘူး။ မြို့ပြင်ဖြစ်တဲ့ ချီဖွေ၊ မြစ်ကြီးနားသွားတဲ့ ဘက်မှာ လျာထားတယ်။ အဲ့နေရာက တောလမ်းဖြစ်တယ်။ အစိုးရရံပုံ‌ငွေက မရရှိသေးတော့ မြို့မိ၊ မြို့ဖ ဒေသခံတွေက ကိုယ်ထူကိုယ်ထနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး စက်ရှိတဲ့သူ၊ ကားရှိတဲ့သူ၊ သဲကျောက်တက်နိုင်သူ၊ ဆီဖိုးပေးတဲ့သူစုပြီး လမ်းကို ဖောက်လုပ်နေတာ ဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ အမှိုက်ကျင်းသစ်နေရာ တောလမ်း ဖောက်လုပ်ခြင်းကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က စတင် အကောင်ထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ပေ (၃၀၀) ကျော်အား လမ်းသစ်ဖောက်ခြင်း သဲ‌‌ကျောက်ခင်းခြင်း လုပ်ငန်းများကို ဒေသခံပြည်သူများ၊ မြို့မိ၊ မြို့ဖ လှူဒါန်းမှုများဖြင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှိုက်ကျင်းသစ်နေရာသို့ အသစ်ဖောက်လုပ်သည့် လမ်းမြေသား အသားကျမည့် အချိန်တွင် အမှိုက်စွန့်ပစ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အစိုးရ အဖွဲ့ထံမှ အမှိုက်ကျင်းသွားလမ်းသစ် အတွက် ၂၀၂၄/ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်တင်တောင်းထားကာ ယင်း ဘတ်ဂျက်ငွေ ရရှိပါက ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။