Trending Now

ရုရှားက ယူကရိန်းတွင် စစ်ရေး လှုပ်ရှားမှု စတင်

Spread the love

ရုရှားက ယူကရိန်းတွင် စစ်ရေး လှုပ်ရှားမှု စတင်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

ယူကရိန်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တပ်ဖွဲ့ဝင်များက စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့သည်ဟု ရုရှားမီဒီယာများက ယနေ့ ဖော်ပြထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းတွင် အထူးစစ်ဆင်ရေးဟု ခေါ်ဝေါ်သည့် စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်မည်ဟု ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ ကြေညာပြီးနောက် ယခုကဲ့သို့ စစ်ရေးလုပ်ရှားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသမ္မတ ပူတင်က ပြောကြားပြီးနောက် မကြာမီမှာပင် ယူကရိန်းမြို့တော် ကိယက်ဗ်၏ အရုဏ်မတက်မီ တိတ်ဆိတ်ငြိမ်သက်သော နေရာတွင် ပေါက်ကွဲသံများထွက်ပေါ်လာခဲ့ပြီး ယူကရိန်း မြို့တော်၏ အဓိကလေဆိပ်အနီးတွင် သေနတ်သံများနှင့်အတူ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြောင်း သတင်းအေဂျင်စီများက ဖော်ပြခဲ့သည်။

အဆိုပါ စစ်ဆင်ရေးသည် ယူကရိန်းအစိုးရ၏ ဖိနှိပ်မှုခံနေရသူများကို ကာကွယ်ရန် ရည်ရွယ်ထားပြီး ရုရှားသည် အခြားနိုင်ငံများ၏ ခြိမ်းခြောက်မှုကို ချက်ချင်းတုံ့ပြန်သွားမည်ဟု ရုရှားသမ္မတ ပူတင်က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ပူတင်က ယူကရိန်းကို အပြည့်အဝကျူးကျော်ဖို့ စတင်လိုက်ပါပီ ငြိမ်းချမ်းတဲ့ ယူကရိန်းမြို့တွေဟာ တိုက်ခိုက်မှုတွေ ခံနေရပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရို ကူလီဘ က တွစ်တာတွင် ပြောကြားခဲ့သည်

ဗလာဒီမာပူတင်က ယူကရိန်းတွင် အထူးစစ်ဆင်ရေးဟု ခေါ်ဝေါ်သည့် စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်သွားမည်ဟု ရုရှားအစိုးရပိုင် ရုပ်မြင်သံကြားမှ ယနေ့ ထုတ်လွှင့်ခဲ့သော်လည်း စစ်ဆင်ရေးအသေးစိတ်ကို ပူတင်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက “ဒါက ရန်လိုတဲ့စစ်ပွဲပါ ကျွန်တော်တို့ ယူကရိန်းက ရုရှားကို နိုင်အောင် ခုခံသွားမှာပါ နိုင်ငံတကာ အနေနဲ့ ပူတင်ကို ရပ်တန့်နိုင်ဖို့ အခုချက်ခြင်း ပြင်ဆင်သင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းပိုင်နက်ကို သိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်းပြောဆိုခဲ့သော်လည်း NATO ၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး အမေရိကန် ဦးဆောင်သော အတ္တလန်တိတ် စစ်မဟာမိတ်အဖွဲ့တွင် ယူကရိန်းအဖွဲ့ဝင်ဖြစ်မှုကို လက်မခံနိုင်ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတက ရုရှားသည် ယူကရိန်းအခြေခံအဆောက်အအုံနှင့် နယ်ခြားစောင့်တပ်များကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပေါက်ကွဲသံများကို မြို့အများအပြားတွင် ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းရက်များက ပူတင်သည် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးနယ်မြေနှစ်ခုအား သီးခြားလွတ်လပ်သောအဖြစ် တစ်ဖက်သတ်အသိအမှတ်ပြုခဲ့ပြီး ခွဲထွက်ရေးခေါင်းဆောင်များသည် စစ်ရေးအကူအညီပေးရန် ရုရှားကို တောင်းဆိုခဲ့သဖြင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသူများဟု ခေါ်သည့် ရုရှားတပ်များကို တပ်ဖြန့်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ မြို့များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

— ကိုးကား —
ရိုက်တာ/NHK
Ref; Russia launches military action in Ukraine


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။