Trending Now

လိုင်စင်သက်တမ်းရှိပြီး ငွေကြေးအရင်းအနှီး လိုအပ်သည့် ဆီစက်ပိုင်ရှင်များ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ချေးငွေရယူနိုင်

Spread the love

လိုင်စင်သက်တမ်းရှိပြီး ငွေကြေးအရင်းအနှီး လိုအပ်သည့် ဆီစက်ပိုင်ရှင်များ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ ချေးငွေရယူနိုင်

EPN
နေပြည်တော်၊ ဧပြီ ၆ (၂၀၂၄)

နေပြည်တော်၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ လိုင်စင်သက်တမ်းရှိပြီးငွေကြေးအရင်းအနှီး လိုအပ်သည့် ဆီစက်ပိုင်ရှင်များ အနေဖြင့် အများဆုံးကျပ်သိန်း ၃၀၀၀ အထိ ချေးငွေရယူနိုင်ကြောင်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်း အဖွဲ့ထံမှ သိရသည်။

ချေးငွေလျှောက်ထားခြင်းအား လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေနှင့် မတည်ရင်းနှီးငွေတို့အဖြစ် သတ်မှတ်ထားပြီး၊ လုပ်ငန်းသုံး လှည့်ပတ်ရင်းနှီးငွေအတွက်ချေးငွေမှာ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှအများဆုံး ကျပ်သိန်း ၃၀၀၀ အထိဖြစ်ကာ မတည်ရင်းနှီးငွေအတွက် ချေးငွေမှာ အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ကျပ်သိန်း ၃၀၀၀ အထက် ချေးငွေရယူလိုသည့် ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေလျှောက်ထားရာ၌ လက်ရှိလုပ်ငန်းလည်ပတ် လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်ဖြစ်ကာ လုပ်ငန်းအမည်ပေါက်လိုင်စင် (သက်တမ်းရှိ)ရမည်ဖြစ်ပြီး၊ ချေးငွေအတွက်အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇)ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများ အနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းမှသာ လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ ချေးငွေထုတ်ချေးရာ၌ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ် ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များကို ဦးစားပေး စဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေ၏ ချေးငွေသက်တမ်းကာလမှာ (၁)နှစ်ဖြစ်၍ မတည်ရင်းနှီးငွေ၏ ချေးငွေသက်တမ်းကာလသည် ၃ နှစ်ဖြစ်ကာ (၃)ရစ်ဆပ်ရမည်ဖြစ်ပြီး၊ အတိုးနှုန်းအနေဖြင့် တစ်နှစ်လျင် ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ချေးငွေလျှောက်ထားလိုသူများ အနေဖြင့် ချေးငွေအဆိုပြုလွှာများကို နေပြည်တော်၊ တိုင်း/ ပြည်နယ်အသီးသီးရှိ ဆီစက်ပိုင်ရှင်များ အသင်းရုံးများ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းရုံးများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေးဦးစီးဌာန ရုံးခွဲများ၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများတွင် ရယူနိုင်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိဆီစက်များ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။