Trending Now

အခြေခံပညာကျောင်းများအား ပညာရေးဌာနသို့ ပြန်အပ်ရပါက Quarantine Centre များထားရှိရန် စိန်ခေါ်မှုများ ရှိနိုင်သည်ဟု ပြည်နယ်ဝန်ကြီးဆို

Spread the love

အခြေခံပညာကျောင်းများအား ပညာရေးဌာနသို့ ပြန်အပ်ရပါက Quarantine Centre များထားရှိရန် စိန်ခေါ်မှုများ ရှိနိုင်သည်ဟု ပြည်နယ်ဝန်ကြီးဆို

EPN
မြစ်ကြီးနား ၊မေ၂၆

ကချင်ပြည်နယ်အတွင်း Quarantine Centre အဖြစ် အသုံးပြုလျက်ရှိသော အခြေခံပညာကျောင်းများအား ပညာရေးဌာနသို့ ပြန်လည်ပေးအပ်ရပါက Quarantine Centre အဖြစ် ထားရန် စိန်ခေါ်မှုများ ရှိလာနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက ပြောဆိုလိုက်သည်။

လက်ရှိ Quarantine ထားရှိနေသည့် စာသင်ကျောင်းများပြန်အပ်ရပါက Quarantine ထားရန် နေရာ၊ လျှပ်စစ်မီးနှင့် ရေအလုံအလောက် ရရှိရေးတို့အတွက် အခက်အခဲရှိနိုင်ကြောင်း ပြည်နယ်ဝန်ကြီး ဦးဇော်ဝင်းက EPN သတင်းဌာနသို့ ပြောသည်။

“စိန်ခေါ်မှုကတော့ စာသင်ကျောင်းတွေနဲ့စာရင်အများကြီးဘဲ အဆောက်အဦးက အရေးကြီးတယ်၊ အဆောက်အဦးရခဲ့ရင်တောင် ရေရဖို့၊ လျှပ်စစ်မီးရဖို့နဲ့ အိမ်သာသန့်သန့်ရှင်းရှင်း သုံးရဖို့လိုအပ်တာပေါ့နော် ” ဟု ဝန်ကြီးက ဆိုသည်။

လက်ရှိ တနိုင်းမြို့နယ်တွင် Quarantine ထားရန်အတွက် ကချင်ရိုးရာ မနောကွင်းအတွင်းရှိ ခန်းမဆောင်တွင် ထားရန် ဆောင်ရွက်လျက်ရှိပြီး ကျန်မြို့နယ ်(၁၇)မြို့နယ်လုံး တွင်လည်း ညွှန်ကြားစာ ထွက်ရှိထားကြောင်း ဝန်ကြီးက ထည့်သွင်း ပြောဆိုသည်။

“ပြန်အပ်ရမယ့် ကိစ္စနဲ့ပတ်သက်လို့ မြို့နယ်အလိုက်စာထွက်ထားပါတယ် တနိုင်းမှာဆိုလည်း ကချင်ရိုးရာ မနောကွင်းခန်းမမှာ ထားဖို့စီစဉ်နေတယ် တခြားမြို့နယ်တွေကိုလဲ အဲဒီလို ဘာသာရေး အဆောက်အဦး တွေမှာ လုပ်ဖို့စီစဉ်နေပါတယ်” ဟု ဝန်ကြီးက ထည့်သွင်းပြောကြားသည်။

အဆိုပါ Quarantineထားရှိရာ အဆောက်အဦးများ စီစဉ်ဆောင်ရွက်ရာတွင် လိုအပ်သည့် ငွေကြေးများအား ပြည်နယ် COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်းမှ အခြေခံပညာ စာသင်ကျောင်းပေါင်း (၃၁၅)ကျောင်းအား Quarantine Centre အဖြစ်အသုံးပြုလျက်ရှိကာ လူဦးရေ (၃၉၀၀) Quarantineဝင်နေပြီး အဆိုပါ ကျောင်းများအား ဇွန်လ ၁၅ရက်နေ့မတိုင်ခင် ပညာရေးဌာနသို့ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။