Trending Now

မြစ်ကြီးနားမြို့ပုဂ္ဂလိက ဆေးရုံတစ်ခုရှေ့ရှိ ရေမြောင်းဖုံးသံဇကာများအား နေ့လည်ခင်းအချိန်တွင် လူငယ်သုံးဦးမှ ခိုးယူမှုဖြစ်ပွားခဲ့

Spread the love

မြစ်ကြီးနားမြို့ပုဂ္ဂလိက ဆေးရုံတစ်ခုရှေ့ရှိ ရေမြောင်းဖုံးသံဇကာများအား နေ့လည်ခင်းအချိန်တွင် လူငယ်သုံးဦးမှ ခိုးယူမှုဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၆

မြစ်ကြီးနားမြို့ တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်သည့် ရင်စိန်ဆေးရုံရှေ့တွင် ခင်းထားသည့် ရေမြောင်းအဖုံး သံဇကာ နှစ်ချပ်အား အမျိုးသားသုံးဦးမှ ခိုးယူသွားသည့်ဖြစ်စဉ်တစ်ခု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ကြောင်း ရင်စိန်ဆေးရုံ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရင်စိန်ဆေးရုံအတွင်း လူနာများဆေးကုသရန် ရောက်ရှိနေချိန် ၎င်းအမျိုးသားသုံးဦးမှာ ဆိုင်ကယ်ဖြင့် ဆေးရုံရှေ့သို့ရောက်ရှိလာကာ ရေမြောင်းအဖုံး သံဇကာနှစ်ချပ်ကို ခွာယူကာ ဆိုင်ကယ်ဖြင့် ပြန်လည် မောင်းထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“နေ့လည်ခင်းကြီးကိုဖြစ်တာ၊ဆရာမတို့က အလုပ်ရှုပ်နေကြတာ၊လူနာတွေ၊ဆေးကုသမဲ့သူတွေကအများကြီးပဲ ဆေးရုံရှေ့စောင့်နေတဲ့သူတွေနဲ့ အခန်းထဲဆေးကုသနေတဲ့သူတွေနဲ့ လူတွေကများတော့ ရှုပ်နေကြတာ၊ အဲ့အချိန်မှာ အဲ့အမျိုးသားသုံးယောက်က ရောက်လာပြီး လူရှုပ်နေတဲ့ချိန် ယူသွားကြတာ၊ဆရာမတို့လည်း cctvကိုကြည့်မှ သိရတာ”ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ခိုးယူခံရမှုမှာ ရင်စိန်ဆေးရုံတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ခိုးယူသူများမှာ ဆေးသမားများဖြစ်နိုင်သည့်အပြင် အခြားနေရာများတွင်လည်း နေ့လည်ခင်းအချိန်မှ မဟုတ်ဘဲ ညပိုင်းများတွင်လည်း ခိုးယူသူများဖြစ်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များအနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်ခြံဝန်းတွင် ကာရံထားသည့် သံပန်းများ၊ ခြံအတွင်းမှ သံချောင်းများနှင့် ရေမြောင်းဖုံးသံဇကာများကို ခိုးယူမှုများ ကျူးလွန်နေကြသလို လူပြတ်သည့် နေရာများတွင် ဓားထောက်ပစ္စည်းလုယက်မှုများ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။