Trending Now

အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် KIA အား သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် အခွန်ပေးဆောင်နေရ ဟုဆို

Spread the love

အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် KIA အား သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် အခွန်ပေးဆောင်နေရ ဟုဆို

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် တွင် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် KIA၊ KIO လက်နက်ကိုင်အဖွဲ့ထံ သတ်မှတ်ထားသည့် ရာခိုင်နှုန်းများ အလိုက် အခွန်ငွေပေးဆောင်နေရကြောင်း မြစ်ကြီးနားမြို့နေသူများက ဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် KIA၊ KIO လက်နက်ကိုင် အဖွဲ့အစည်းမှ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာ ကိစ္စရပ်များတွင်လည်း ၎င်းအဖွဲ့အစည်းမှ သတ်မှတ်ထားသည့် ရာခိုင်နှုန်း အချိုးကျအတိုင်း ပေးဆောင်ရန် ခြိမ်းခြောက်တောင်းခံလာ၍ ခြံမြေဝယ်ယူသူမှ ၂၅ ရာခိုင်နှုန်းအထိ ပေးဆောင်ခဲ့ရကြောင်း ဂျာမိုင်ကောင်းနေသူ တစ်ဦးက ပြောသည်။

” တရားလွန်လာတယ်လို့ ပြောလို့ရတယ်။ ဘာတစ်ခုမှ အာမခံချက် မပေးဘဲ၊ ဝန်ဆောင်မှုမရှိဘဲ လက်နက်ကိုင်ပြီး သက်သက် ခြိမ်းခြောက်တောင်းတာတော့ မကျေနပ်ဘူး။ အခွန်လိုလို၊ ဆက်ကြေးလိုလိုနဲ့ ပေးလိုက်ရတယ် ” ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ရှင်းပြသည်။

KIA၊ KIO လက်နက်ကိုင် အဖွဲ့အစည်းသည် ပြီးခဲ့သည့် နှစ်များအတွင်းကစ၍ မြို့ပေါ် ရှိ အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်သူ အဆင့်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများအထိ နှစ်စဉ်အခွန်ကြေးများ ကောက်ခံလာကြောင်း သိရသည်။

“KIO တံဆိပ်တုံး ရိုက်နှက်ထားတဲ့ စာရွက်ကို လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး လာပေးတယ် အိမ်ခြံမြေအရောင်းအဝယ်လုပ်ထားတဲ့ အတွက် အခွန်ဆောင်ဖို့ အကြောင်းကြားစာပါလို့ ပြောပြီး ပြန်ထွက်သွားတယ် အဲ့တာကို စာမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်တော့အတင်းအဓမ္မ ဘယ်မှာလာဆောင် ဘယ်မှာလာခဲ့နဲ့ ခြိမ်းခြောက်လာတယ်” ဟု စာလက်ခံရရှိတဲ့ အမျိုးသားတစ်ဦးက ပြောသည်။

KIA၊ KIO လက်နက်ကိုင် အဖွဲ့အစည်းသည် ပြီးခဲ့သည့် နှစ်များအတွင်းကစ၍ မြို့ပေါ် ရှိ ကွမ်းယာဆိုင်၊ စက်ချုပ်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင် စသည့် တစ်ပိုင်တနိုင် စီးပွားရေးလုပ်ကိုင်သူ အဆင့်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများအထိ နှစ်စဉ်အခွန်ကြေးများ ကောက်ခံလာသည့်အပြင် KIA၊ KIO လက်နက်ကိုင်အဖွဲ့သည် ပြည်နယ်အတွင်းရှိ ကံပိုင်တည်၊ ချီဖွေ၊ ပန်ဝါ၊ ဗန်းမော်၊ ပူတာအို၊ ဖားကန့် စသည့် ကားလမ်းပိုင်းတွင်လည်း လူခွန်နှင့် ဆက်ကြေးကောက်ခံခြင်းများကိုလည်း အတင်းအဓမ္မ ကောက်ခံမှု ပြုလုပ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ KIA၊ KIO လက်နက်ကိုင် အဖွဲ့အစည်းမှ မြို့ပေါ် ရှိ အများပြည်သူများအပေါ် လက်နက်ပြ ခြိမ်းခြောက် အခွန်ကောက်ခြင်း၊ ဆက်ကြေးကောက်ခြင်းများ နှစ်စဉ်ပြုလုပ်နေခြင်းအပေါ် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက ဖမ်းဆီးအရေးယူခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။