Trending Now

မြစ်ကြီးနားမြို့တွင် လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆို အက တေးသရုပ်ဖော်ပြိုင်ပွဲ ကျင်းပ

Spread the love

မြစ်ကြီးနားမြို့တွင် လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆို အက တေးသရုပ်ဖော်ပြိုင်ပွဲ ကျင်းပ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၈ (၂၀၂၃)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် လာချိဒ်ရိုးရာ အတီးအမှုတ်၊ အဆို၊ အက တေးသရုပ်ဖော်ပြိုင်ပွဲကို နိုဝင်ဘာလ ၇ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကျင်းပပြုလုပ်နေကြောင်း သိရသည်။

အခမ်းအနား စတင်ချိန်တွင် လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဌ ဦးလဘောင်ဇုန်းဘောမ်မှ ကြိုဆို နုတ်ခွန်းဆက် စကားပြောကြားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဇောင်မှူး ဦးကျော်မင်းခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြစ်ကြီးနားဇုံနယ် လူငယ်များမှ အဖွင့်သီချင်း သီဆိုခဲ့ကြကာကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဇောင်မှူးမန်ရှန်တိန့်ဆောင်မှလည်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြိုင်ပွဲလုပ်ဆောင်ပေးရခြင်းသည် လာချိဒ်လူမျိုးများ၏ ဘိုးဘွားများ တန်ဖိုးထားခဲ့သည့် ရိုးရာသီချင်းကြီးများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့်အတွက်ပြန်လည်ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်၊ လာချိဒ်လူမျိုးများ စည်းလုံးညီညွတ်မှု မပျက်စီးသွားရန်၊ ခေတ်လူငယ်များအား ရိုးရာသီချင်းကြီးများကို လက်ဆင့် ကမ်းရန် ရည်ရွယ်ပြီး လုပ်ဆောင်ပေးရခြင်း ဖြစ်ကြောင်း မြစ်ကြီးနားဇုံနယ် လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌ ဦးမော်ဂျော်ချန်းဇုန်းမှ ပြောကြားခဲ့သည်။

ဆက်လက်ပြီး လာချိဒ်ရိုးရာအတီးအမှုတ်၊ အဆို၊ အက၊ တေးသရုပ်ပြိုင်ပွဲဖြစ်မြောက်ရန် ကူညီပေးခဲ့ကြသည့် အလှူရှင်များအား တက်ရောက်လာသည့် ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုလွှာများ ပေးအပ်ကြကာ လာချိဒ်ရိုးရာအတီးအမှုတ်၊ အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သူများအား ကိုလည်း ကချင်ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဇောင်မှူး ဦးကျော်မင်းခိုင်မှ ဆုငွေများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် အခမ်းအနားကိုရပ်နားပြီး တက်ရောက်လာသူများအား ရိုးရာအစားအစာများဖြင့် ဧည့်ခံခဲ့ကြပြီး ညနေပိုင်း အစီအစဉ်တွင် လာချိဒ်ရိုးရာအတီးအမှုတ်၊အဆို၊ အက တေးသရုပ်ဖော် ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရပြီး ဆုရရှိသူများအား ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။