Trending Now

မြစ်ကြီးနား – မန္တလေး – ရန်ကုန် ယာဉ်လိုင်းများ အချိန်ပြောင်းလဲ ပြေးဆွဲ

Spread the love

မြစ်ကြီးနား – မန္တလေး – ရန်ကုန် ယာဉ်လိုင်းများ အချိန်ပြောင်းလဲ ပြေးဆွဲ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂၅ (၂၀၂၃)

မြစ်ကြီးနား – မန္တလေး – ရန်ကုန် လမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ များပြား လာခြင်းကြောင့် ယာဉ်လိုင်းပြေးဆွဲမှု အချိန်ကိုပြောင်းလဲ သတ်မှတ် ပြေးဆွဲနေရကြောင်း ကားဆရာများထံမှ သိရသည်။

မြစ်ကြီးနား – မန္တလေး – ရန်ကုန် လမ်းပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်များ၊ PDF လက်နက်ကိုင် အဖွဲ့များ၏ ဂိတ်များ ယခင်ထက် ပိုမိုများပြားလျက်ရှိနေခြင်းကြောင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းများကို ပြီးခဲ့သည့် လပိုင်းကစ၍ အချိန်ပြောင်းလဲ ပြေးဆွဲနေကြောင်း မြစ်ကြီးနား – ရန်ကုန် ခရီးသည်ပို့ဆောင်နေသည့် ကားဆရာတစ်ဦးက ပြောသည်။

“ယာဉ်လိုင်းအားလုံး အချိန်ပြောင်းပြီး ပြေးဆွဲနေတာ တစ်လကျော်လောက်ရှိပြီ။ ဘာလို့လည်းဆိုတော့ နေ့လယ်မှ စထွက်ရင် နန့်စီးအောင်ဂိတ်ကိုတောင်ကျော်ဖို့ မလွယ်ဘူး အဲ့ဒါကြောင့် မြစ်ကြီးနား-မန္တလေးဆိုရင် မနက် ၆ နာရီခွဲကနေ စထွက်တယ်။ မြစ်ကြီးနား – ရန်ကုန်ဆို ၇နာရီ ခွဲထွက်တယ်၊ ဒါမှ တစ်ညအိပ် ခရီးဖြစ်မှာ”ဟု ၎င်းက ဆိုသည်။

ကားဆရာများအနေဖြင့် လမ်းခရီးပိုင်းတွင် သတ်မှတ်ထားသည့် အချိန် မကျော်လွန်စေရန် အချိန်ကိုလုမောင်းနေရခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါသည့် ခရီးသည်များအတွက် အန္တရာယ်ဖြစ်နိုင်သောကြောင့် ယခုကဲ့သို့ အချိန်ပြောင်းလဲ ပြေးဆွဲရခြင်း ဖြစ်ကြောင်း ယာဉ်မောင်း တစ်ဦးပြောသည်။

“အချိန်ပြောင်းလဲ ပြေးဆွဲမှ နည်းနည်းအသက်ရှူ ချောင်တော့တယ် နေ့လယ်မှ ထွက်ရင် မလွယ်ဘူး အမြန်မောင်းရတာ စက်ယန္တရားဆိုတော့ အချိန်မရွေး အန္တရာယ် ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် မနက်ပိုင်း အချိန်ပြောင်းရတာ” ဟု မြစ်ကြီးနား – ရန်ကုန် ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

ထို့အပြင် လမ်းခရီးတွင် အစစ်အဆေးများခြင်း၊ တိုက်ပွဲမကြာခဏ ဖြစ်ပေါ်နေ၍ ကုန်းလမ်းဖြင့် ခရီးသွားလာသူ ယခင်ထက်များစွာ လျော့နည်းလာကြောင်းလည်း ကားဆရာများထံက သိရသည်။

ခရီးသွားပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များက စစ်ဆေး‌ရေး တင်းကြပ်ခြင်း၊ PDF များက ကားများကို ရပ်တန့် စစ်ဆေးကာ ငွေတောင်းခံခြင်းများကြောင့် လမ်းခရီး ကြန့်ကြာရသည့်အပြင် ယခင်ထက် ခရီးစရိတ်ပိုမိုကုန်ကျမှုများဖြင့် ခက်ခက်ခဲခဲ သွားလာနေရကြောင်း သိရသည်။

မြစ်ဖျားဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင် (၁၀၀) ကျော်ရှိပြီး အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ကို နေ့စဉ် ယာဉ်လိုင်းပေါင်းစုံ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။