Trending Now

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Spread the love

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၅ (၂၀၂၃)

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ပြိုင်ပွဲတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိအောင် ကြိုးစားဆောင်ရွက်မည်ဆိုသည့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အသန့်ရှင်းဆုံးပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အားကစားသမားကောင်းများပီသစွာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း စနစ်တကျလေးစားလိုက်နာသွားကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲတွင်ကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအတိုင်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာ့လက်ရွေးစင် အသင်းကြီးကို အင်အားဖြည့်တင်းပေးနိုင်မည့် မျိုးဆက်သစ်လူငယ် လက်ဝှေ့ အားကစား သမားကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသည့် လူငယ်/ လူရွယ်များ လက်ဝှေ့အားကစားနည်းအား ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ကိုယ်စားပြု သွေးသစ်လက်ဝှေ့ အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖွင့်ပွဲ အခမ်းအနားတွင် အမျိုးသား (၅၁) ကီလို၊ အမျိုးသမီး (၄၈) ကီလို၊ အမျိုးသား (၅၄) ကီလို၊ အမျိုးသား (၆၀) ကီလိုနှင့် အမျိုးသား (၆၇) ကီလိုတန်း ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြပြီး၊ သတ်မှတ်ထားသည့် ကီလိုတန်းအလိုက် လက်ဝှေ့ပွဲစဉ်များကိုလည်း အောက်တိုဘာလ ၁၁ ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။