Trending Now

မြို့ပေါ်ရပ်ကွက်အတွင်း ရွှေချက်လုပ်ငန်း ပြုလုပ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် နေရာပြောင်းရွေ့လုပ်ဆောင်ရန် ရပ်ကွက်နေ ပြည်သူများတောင်းဆို

Spread the love

မြို့ပေါ်ရပ်ကွက်အတွင်း ရွှေချက်လုပ်ငန်း ပြုလုပ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် နေရာပြောင်းရွေ့လုပ်ဆောင်ရန် ရပ်ကွက်နေ ပြည်သူများတောင်းဆို

EPN
ပြည်သူ့အသံကဏ္ဍ
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်း ရွှေချက်လုပ်ငန်း ပြုလုပ်ခြင်းကြောင့် ရပ်ကွက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်သည့်အတွက် နေရာပြောင်းရွေ့ လုပ်ဆောင်ရန် ရပ်ကွက်နေ ပြည်သူများ လိုလားနေကြသည်။
မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ရမ်ပူရပ်ကွက် လမ်းသွယ် (၂၃)၊ နံနက်ဈေး အနီးတွင် နှစ်ပေါင်းများစွာ ကတည်းက လုပ်ကိုင်သည့် ရွှေချက်(ရွှေသန့်စင်ခြင်း) လုပ်ငန်း တစ်ခုရှိနေပြီး ယခုအချိန်တွင် ယင်းပတ်ဝန်းကျင်၌ လူနေ ထူထပ်လာပြီဖြစ်၍ အဆိုပါ လုပ်ငန်းကြောင့် ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်နေကြသည်ဟု ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

“ရမ်ပူရပ်ကွက် လမ်းသွယ်(၂၃)၊ မနက်ဈေးနားမှာ ရွှေချက်တဲ့ ဆိုင်တစ်ဆိုင် ရှိတယ်၊ နေ့ညမပြတ် ရွှေချက်နေလို့ ရေဆိုးတွေ ထွက်နေတယ်၊ ရေမြောင်းလဲ မလုပ်ထားဘူး၊ အဲ့ဒီတော့ ကျွန်တော်တို့ ရေတွင်းတွေထဲ ရေဆိုးတွေ စိမ့်ဝင်တယ်၊ ရေလဲ မသောက်ရဲဘူး၊ အနံ့တွေကလည်း ဆိုးနေတယ်၊ ရေရှည်ဆို ကျန်းမာရေးအတွက် မလွယ်ဘူး၊ ဒါကြောင့် ဒီလုပ်ငန်းကို လူနဲ့ ဝေးတဲ့နေရာမှာ ရွှေ့ပြောင်းလုပ်ကိုင်ပေးဖို့ လိုလားနေကြတာ ဖြစ်တယ်” ယင်းဆိုင်အနီးက ပြည်သူတစ်ဦးက EPN သတင်းဌာနသို့ ဆက်သွယ်ပြောပြလာသည်။

ယင်းရွှေချက်လုပ်ငန်း နေရာသည် ယခင်က လူနေကျဲ၍ အများပြည်သူအတွက် ထိခိုက်မှု နည်းပါးသည့် နေရာတစ်ခု ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လူသူထူထပ်လာပြီဖြစ်သဖြင့် ယင်းလုပ်ငန်းအား နေရာပြောင်းရွေ့ လုပ်ကိုင်ပေးရန် ရပ်ကွက်နေ ပြည်သူများက ရပ်ကျေးရုံးသို့ အကြောင်းကြား တိုင်တန်းစာ ပေးပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိကြောင်း ပြည်သူတစ်ဦးက ဆက်လက်ပြောပြသည်။

“သူတို့ ရွှေချက်တဲ့ လုပ်ငန်းကို လုပ်လာတာကြာပြီး အဲ့တုန်းက လူဦးရေးနည်းတယ် ကိစ္စမရှိဘူး၊ အခုက သိတဲ့အတိုင်းပဲလေ ဒီနေရာမှာက လူဦးရေ ထူထပ်လာပြီး အဲ့ဒါကြောင့် သူများတွေ ရွှေချက်လုပ်ငန်း လုပ်သလို မြို့ပြင်ထွက်ပြီးလုပ်ရင် ကောင်းမယ်၊ အဲ့ဒီလို ရွှေ့ပြောင်းဖို့ ကျနော်တို့ ရပ်ကွက်နေ ပြည်သူတွေ စုပြီး ရပ်ကျေးတာဝန်ခံတွေကို သွားရောက် အကြောင်းကြားတာတွေ လုပ်ခဲ့တယ် အခုချိန်ထိ ထိရောက်တဲ့ လုပ်ဆောင်မှုမျိုး မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောပြသည်။

မြစ်ကြီးနားရှိ ရွှေချက်လုပ်ငန်းရှင်အများစုမှာ အများပြည်သူ ကျန်းမားရေးထိခိုက်မှု မရှိစေရေးအတွက် ရွှေချက်လုပ်ငန်းအား လူသူနှင့် ဝေးသည့် နေရာများတွင် သွားရောက်လုပ်ဆောင်ကြသော်လည်း အချို့မှာ မြို့ပေါ်၌ပင် ရွှေချက်နေကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈ တွင် ရွှေသန့်စင်ခြင်း လုပ်ငန်းခွင့်ပြုမိန့် သက်တမ်းသည် ခွင့်ပြုမိန့်ကို စတင်ထုတ်ပေးသည့် နေ့ရက်မှစ၍ သုံးနှစ်ဖြစ်သည်။
ရွှေသန့်စင်ခြင်းလုပ်ငန်း ခွင့်ပြုမိန့်ရရှိသူသည် ရွှေသန့်စင်ခြင်းလုပ်ငန်းမှ ထွက်ရှိသည့် စွန့်ပစ်အရည်၊ စွန့်ပစ်ပစ္စည်းများနှင့် ထုတ်လွှတ်သည့် အခိုးအငွေ့များကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရေးအတွက် မြန်မာ့သတ္တုတွင်းဥပဒေနှင့် အခြားတည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များအတိုင်း လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။

ထို့အပြင် အက်စစ်ဖြင့် သန့်စင်သည့် နည်းစဉ် (Acid Digestion Process) ကို အသုံးပြု၍ လုပ်ငန်း ဆောင်ရွက်မည့်နေရာသည် ပတ်ဝန်းကျင်နှင့် လုံလောက်သော ဘေးကင်းလုံခြုံမှုရှိသည့် မီတာ ၅၀ အကွာအဝေးတွင် ရှိရမည်ဟုလည်း ဖော်ပြပါရှိပြီး ယင်း အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ခွင့်ပြုမိန့်ပါ စည်းကမ်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှက်သော်လည်းကောင်း မြန်မာ့သတ္တုတွင်း ဥပဒေ၏ အခန်း (၉)တွင် ဖော်ပြထားသော စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း ခံရမည်ဟု ဖော်ပြထားကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။