Trending Now

မြစ်ကြီးနားမြို့တွင် ယမန်နေ့ည မိုးရွာသွန်းချိန် အခွင့်ကောင်းယူကာ ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

Spread the love

မြစ်ကြီးနားမြို့တွင် ယမန်နေ့ည မိုးရွာသွန်းချိန် အခွင့်ကောင်းယူကာ ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇ (၂၀၂၄)

မြစ်ကြီးနားမြို့တွင် ယမန်နေ့ညပိုင်းက မိုးရွာသွန်းချိန်ကို အခွင့်ကောင်းယူပြီး ရမ်ပူရပ်ကွက်ရှိ Ko Lat Second Mobile Phone အရောင်းဆိုင်တစ်ခု ဖောက်ထွင်းခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ရမ်ပူရပ်ကွက် KO Lat Second Mobile Phone အရောင်းဆိုင်အား ပြီးခဲ့သည့်လပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ယမန်နေ့ တစ်လတင်းတင်းပြည့်သည့် နေ့တွင် ဆိုင်ဖောက်ခံရ၍ ဆိုင်အတွင်းထားရှိခဲ့သည့် ဖုန်းများနှင့် ငွေသားအချို့အပြင် ကွန်ပျူတာ HP တစ်လုံး အခိုးခံခဲ့ရကြောင်း အနီးပတ်ဝန်းကျင်မှ သိရသည်။

” မနေ့က မိုးရွာတဲ့အချိန်မှာ ဖြစ်သွားတာနဲ့တူတယ်။ သူ့ဆိုင်က တံခါးနှစ်ဆင့် ပိတ်ထားတာ။ အဲ့ဒါကို သူခိုးက အကုန်ဖွင့်ပြီး၊ ဆိုင်ထဲက ဖုန်း၊ ကွန်ပျူတာ၊ ငွေသားတချို့ အကုန်ယူသွားတယ် ကြားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဖုန်းဆိုင်အဖောက်ခံရမှုနှင့် ပတ်သက်၍ ဖုန်းဆိုင်ပိုင်ရှင်မှ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းက ဖောက်ထွင်းခံရသည့် ရမ်ပူရပ်ကွက် ဦးအေးမောင် နာရီဆိုင်အနီးက Ko Lat Second Mobile Phone ဆိုင်အတွင်းမှ ဖုန်းအလုံး ၃၀၊ ကွန်ပျူတာ HP တစ်လုံးနှင့် ကောင်တာအတွင်းရှိငွေသားများ ခိုးယူခံခဲ့ရပြီး၊ ယင်းအချိန်တွင် လျှပ်စစ်မီးပြတ်တောက်နေ၍ CCTV မှတ်တမ်းအား ပြန်လည်စစ်ဆေး၍ မရခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် ရှိ သူခိုးများသည် အုပ်စုဖွဲ့၍ နေလည်အချိန်ပိုင်းတွင် ၎င်းတို့ ခိုးမည့် နေအိမ်၊ အရောင်းဆိုင် စသည်တို့ကို အချိန်ပေး စောင့်ကြည့်နေကြပြီး၊ အခွင့်အခါ ပေးသည်နှင့် ဖောက်ထွင်း၊ ခိုးယူလျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် တွင် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း နေအိမ်ဖောက်ထွင်းခံရမှု၊ ဆိုင်ကယ်၊ သုံးဘီး၊ ကားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး လယ်ကုန်းရပ်ကွက် နယ်မြေ (၇) ကုန်စုံဆိုင်တစ်ခုတွင်လည်း ဓါးပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။