Trending Now

ရှင်ဗွေယန်ဒေသရှိ ရွှေမှော်အချို့‌ ရွှေတူးဖော်ခြင်းရပ်နားထားရ

Spread the love

ရှင်ဗွေယန်ဒေသရှိ ရွှေမှော်အချို့‌ ရွှေတူးဖော်ခြင်းရပ်နားထားရ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်ဒေသရှိ ရွှေမှော်အချို့မှာ တိုက်ပွဲဖြစ်နိုင်ချေ ရှိသည့်အတွက် ရွှေတူးဖော်မှုများ ရပ်နားထားကြရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းမှ စတင်ပြီး စစ်တပ်နှင့် KIA အဖွဲ့တို့ကြား နှစ်ဦးနှစ်ဖက် စစ်ရေးတင်းမာမှုကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးများ တင်းကြပ်လာသကဲ့သို့ ရွှေမှော်အချို့မှာလည်း ရပ်နားထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ရွှေမှော်တွေအချို့တော့ နားကုန်ကြပြီ။ နိုင်ငံရေးအခြေအနေက မကောင်းတော့ ရွှေကျင်းသားတွေလည်း အိမ်ပြန်ကုန်ကြတာဆိုတော့ လုပ်မရ‌တာမျိုးကြောင့် နားကြတာရယ်။ ပြီးတော့ တစ်ချို့စက်ဆိုင်း တွေကျတော့ ကျင်းသားရှိလည်း အခြေနေက စိုးရိမ်ရတော့ နားထားကြတာပေါ့ ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှုကြောင့် ရွှေမှော်များတွင် လုပ်ကိုင်နေကြသည့် ရွှေကျင်းသားများလည်း မိမိနေအိမ်၊ ကျေးရွာ၊ မြို့များသို့ ပြန်ကုန်ကြပြီး၊ ရှင်ဗွေယန်မြို့ရှိ ဒေသခံများ တောင်ယာ၊လယ်ယာများသို့ သွားလာရန်လည်း ခက်ခဲမှုများရှိနေကြောင်း သိရသည်။

ရှင်ဗွေယန်ဒေသတွင် ပြည်သူများ မိမိစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ခြင်းကို ဆယ်အိမ်စုမှော်၊ အောက်ရေကြည်မှော်၊ ဖြတ်ဝိုင်းတောမှော်များတွင် အများစု လုပ်ကိုင်နေကြကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။