Trending Now

ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများ တစ်သောင်းကျော် မြင့်တက်

Spread the love

ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများ တစ်သောင်းကျော် မြင့်တက်

EPN
မြစ်ကြီးနား၊ မတ်လ ၅

ပြည်တွင်း ပြေးဆွဲနေသည့် လေကြောင်းလိုင်းများအနေဖြင့် ကမ္ဘာရေနံဈေးမြင့်တက်မှုများနှင့်အတူ လေယာဉ်ဆီဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ပြည်တွင်းခရီးစဉ် လက်မှတ် ဈေးနှုန်းများ ပြောင်းလဲကောက်ခံလျက်ရှိကြောင်း မြစ်ကြီးနားလေဆိပ်ရှိ လေယာဉ်လက်မှတ် အရောင်းဌာနမှ သိရသည်။

လေယာဉ်လက်မှတ်ဈေးနှုန်း မြင့်တက်လာရခြင်းမှာ လတ်တလော ဖြစ်ပွားနေသည့် ယူကရိန်း ရရှားတိုက်ပွဲများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ လေယာဉ်ဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ယခင်ထက် ဈေးနှုန်းတိုးမြင့်ကောက်ခံရခြင်းဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ်ရှိ လေယာဉ်လက်မှတ် အရောင်းဌာန တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

” ဥပမာ မြစ်ကြီးနား မန္တလေး လက်မှတ်ဆိုရင် အရင်က ၅သောင်း ဝန်းကျင်လောက်ပဲရှိတာ၊ အခုဆိုရင် ၇သောင်းနဲ့ ၇ သောင်းကျော်အထိ တက်သွားပြီး ရန်ကုန်-မြစ်ကြီးနားဆိုရင် အရင်က တစ်သိန်း နှစ်သောင်း အခုက တစ်သိန်း လေးသောင်းလောက်အထိ ဖြစ်သွားတယ် အဓိက ကမ္ဘာရေနံဈေးမြင့်တက်လာနဲ့အတူ လေယာဉ်ဆီဈေးနှုန်းတွေလည်းမြင့်တက်လာတဲ့အတွက် ပြည်တွင်းလေကြောင်းခရီးစဉ် ဈေးတွေမှာလည်း အနည်းငယ်မြင့်တက်သွားတာဖြစ်တယ်” ဟု၎င်းက ပြောသည်။

ယခုကဲ့သို့ လေယာဉ်လက်မှတ်ဈေးနှုန်းများမြင့်တက်လာသော်လည်း ခရီးသည်အင်အားမှာ ယခင်ကိုဗစ်ကာလများထက် တိုးလာကြောင်း မြစ်ကြီးနားလေဆိပ်ရှိ လေယာဉ်လက်မှတ် အရောင်းဌာန တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြော ပြခဲ့သည်။

” လက်မှတ်ဈေးတွေ မြင့်လာပေမဲ့ လက်မှတ်ဝယ်မယ်ဆို ၃ ရက်ကြိုထိကို ဝယ်ကြတယ်၊ အခုရက်ပိုင်း ဆိုပိုများလာတယ် ကားလမ်းခရီးနဲ့သွားရင် အရင်လိုမဟုတ်တော့ဘဲ ဥပမာ မြစ်ကြီးနား မန္တလေး သွားမယ်ဆို အရင်က တစ်ညအိပ်ဆိုရောက်ပြီ အခုက ၂ ညလောက်အိပ်ရတယ်ပြောကြတယ် အဲ့တာတွေကြောင့် လေယာဉ်နဲ့ ခရီးသွားတဲ့သူတွေများလာတယ်ထင်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ air ကမ္ဘောဇနှင့် MAI(မြန်မာ့လေကြောင်းလိုင်း) လေကြောင်းလိုင်းတို့မှာ နေစဉ်ပြေးဆွဲလျှက်ရှိကာ၊ air သံလွင် လေကြောင်းလိုင်းမှာ တစ်ပတ်ကို (၂)ကြိမ်၊ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် (၆)ကြိမ် ပြေးဆွဲလျှက်ရှိပြီး Golden myanmar လေကြောင်းလိုင်းမှာမူ ပြည်တွင်းကိုဗစ်ရောဂါမြင့်တက်မှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ခေတ္တရပ်နားထားပြီဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။