Trending Now

မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးများ ရောင်းအား သိသိသာသာ လျော့ကျနေ

Spread the love

မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးများ ရောင်းအား သိသိသာသာ လျော့ကျနေ

EPN
ပုသိမ်၊ မတ်လ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မြန်မာ့လက်မှုထုတ်ကုန် ပစ္စည်းတစ်ခုဖြစ်သည့်ပုသိမ်ထီးများမှာ ယခုနှစ်ပိုင်း၌ ရောင်းအား လျော့ကျလာကြောင်း ပုသိမ်မြို့မှပုသိမ်ထီး လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

ပုသိမ်မြို့က ထွက်ရှိသော ပုသိမ်ထီးကို COVID-19ရောဂါမဖြစ်ပွားခင်ကပြည်ပဈေးကွက်များအထိ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း COVID-19 ရောဂါအခြေအနေကြောင့် ပြည်တွင်းဈေးကွက်မှာသာရောင်းချ နေရရခြင်းဖြစ်ပြီး လက်ရှိမှာအဓိက မှာယူနေသည့် ရန်ကုန်ဈေးကွက်မှ မှာယူဝယ်ယူခြင်းမရှိသဖြင့် ရောင်းအားသိသိသာသာ လျော့ကျနေကြောင်း သိရသည်။

”ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်လို့ ရောင်းအားတက်မယ် ထင်ခဲ့တာပါ။လက်ရှိမှာတော့ လုံးဝ မှာကုန်မရှိဘူးဖြစ်ပြီးရောင်းအား ထိုးကျနေတယ်။ပြည်တွင်း ဈေးကွက်ကလည်း ရန်ကုန်ဈေးကွက်ကိုအဓိကဖြစ်လို့ ရန်ကုန်ကိုဘဲ အဓိကပို့တာပါ။ ပုသိမ်ထီးမှာ အလှအပကို ဦးစားပေးပြုလုပ်ထားသော မြန်မာ့ရိုးရာလက်မှုထုတ်ကုန်ပစ္စည်းပါ။ ဆိုင်ခန်းများနဲ့ ဟိုတယ်များ အလှအပ ပြင်ဆင်ထားရှိတဲ့နေရာမှာ အဓိက သုံးတာများတယ်။ ရန်ကုန်ဈေးကွက်က ဖောက်သည်တွေကဆို လုံးဝကို မမှာကြ‌တော့ဘူး။ မှာကုန်မရှိတော့လုပ်ငန်းကလည်း အဆင်မပြေ ဖြစ်လာတယ် ကိုယ့်ကို မီခိုနေတဲ့ လုပ်သားတွေလည်း အလုပ်မရှိ ဖြစ်လာတယ်။” ဟု ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းရှင် ဒေါ်ချယ်ရီက ပြောသည်။

ပုသိမ်ဒေသထွက် ပုသိမ်ထီးကို ယခင်ကရန်ကုန်ဈေးကွက်ဖောက်သည်များ မှာယူလာမှုကြောင့် ထီးဆိုဒ်စုံ အလက် ၅၀၀ မှ ၁၅၀၀ အထိ ခုနှစ်ရက်လျှင် တစ်ကြိမ် တင်ပို့ရောင်းချခဲ့ရကြောင်း၊ လက်ရှိတွင် မှာကုန်မရှိသလောက် ဖြစ်နေကြောင်း သိရသည်။

”ပုသိမ်ထီးကို အမျိုးသမီးအများစုကတော့အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များမှာ ဖက်ရှင်တစ်ခုအနေနဲ့ အသုံးပြုတယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ အလှူပွဲတွေနဲ့ အခြား အလှအပ ပြင်ဆင်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။ လက်ရှိ ဘာမှ မလုပ်ကြတော့ ဒီပုသိမ်ထီးက ရောင်းအား ကျတော့တာပေါ။” ဟု ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းရှင် ကိုထက်ဆန်းက ဆိုသည်။

ပုသိမ်ထီကို ယခင်က ချောင်းသာနှင့် ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလာရောက်လည်ပတ်ကြသည့် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များကလည်းဝယ်ယူကြောင်း၊ ထို့အပြင် ခရီးသွား ကုမ္ပဏီများ၏ ကုမ္ပဏီ Logo တံဆိပ်များဖြင့်အော်ဒါ မှာယူမှုများကို ပြုလုပ်ပေးရ
သော်လည်း လက်ရှိတွင် ကုမ္မဏီများကလည်း မှာယူမှု မရှိတော့ကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။