Trending Now

ရုရှားကိုလက်နက်ရောင်းချတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ သက်သေပြနိုင်ခြင်းမရှိဘူးလို့ တောင်အာဖရိက သမ္မတပြော

Spread the love

ရုရှားကိုလက်နက်ရောင်းချတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ သက်သေပြနိုင်ခြင်းမရှိဘူးလို့ တောင်အာဖရိက သမ္မတပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၄

တောင်အာဖရိကနိုင်ငံက ရုရှားကို လက်နက်ရောင်းချထားတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ သက်သေပြနိုင်တဲ့ အထောက်အထားမရှိဘူးလို့ သမ္မတရာမာဖိုဆာက မနေ့က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရူဘင်ဘရီဂတ်တီက ရုရှားကုန်တင်သင်္ဘော Lady R ဟာ ဒီဇင်ဘာလအတွင်းမှာ ကိပ်တောင်မြို့အနီးမှာရှိတဲ့ ရေတပ်စခန်းတစ်ခုကနေ လက်နက်တွေ တင်ဆောင်သွားတယ်လို့ မေလအတွင်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီစွပ်စွဲချက် ထွက်ပေါ်လာပြီးတဲ့နောက် သမ္မတရာမာဖိုဆာက တရားသူကြီးဟောင်းတစ်ဦး ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်အခု ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သက်သေပြနိုင်တဲ့ အထောက်အထား မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ယူကရိန်းနဲ့ ရုရှားပွဲမှာ ဘက်မလိုက်မှုနဲ့ ကြာနေနိုင်ငံအဖြစ် ရပ်တည်နေတဲ့ တောင်အာဖရိကနိုင်ငံပေါ် အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကမ္ဘာ့ရပ်တည်မှုအပေါ် ထိခိုက်စေတယ်လို့ ရာမာဖိုဆာက မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ဒီသင်္ဘောဟာ ရုရုားနိုင်ငံအတွက် ကျွန်တော်တို့နိုင်ငံကနေ လက်နက်လာရောက်သယ်ဆောင်တဲ့ ဆိုတဲ့ စွပ်စွဲချက်ကို အတည်ပြုဖို့ သက်သေအထောက်အထားရှာဖွေလို့ မတွေ့ခဲ့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ လက်နက်တင်ပို့ခွင့်ကို ထုတ်ပေးထားခြင်းမရှိသလို ဘယ်လက်နက်မှလည်း တင်ပို့ခြင်းမရှိခဲ့ပါဘူး။” လို့ ရာမာဖိုဆာက ပြောပါတယ်။

တောင်အာဖရိကရဲ့ လက်နက်ဝယ်ယူရေးကုမ္ပဏီ Armscor က ၂၀၁၈ ခုနှစ်မှာ တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အတွက် မှာယူထားတဲ့ ပစ္စည်းတွေကိုပေးပို့ဖို့အတွက် သင်္ဘောက အခြေစိုက်စခန်းမှာ ဆိုက်ကပ်ခဲ့ကြောင်း ရာမာဖိုဆာက ပြောကြားခဲ့ပါတယ်။

ဒီသင်္ဘောနဲ့ လာရောက်ပို့ဆောင်သွားတဲ့ ပစ္စည်းတွေဟာ အရေးကြီးတဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြုရမယ့် ပစ္စည်းတွေဖြစ်ပြီး တောင်အာဖရိက စစ်သားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် သေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိဘူးလို့ သူက ပြောပါတယ်။

“ကိစ္စရပ်အားလုံးကို ထည့်သွင်းစဉ်းစားတဲ့အခါမှာ ရုရှားကို လက်နက်ထောက်ပံ့မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်ကြောင်း သက်သေပြခြင်း မရှိပါဘူး” လို့ သူက ပြောကြားခဲ့ပြီး “ဒီစွပ်စွဲချက်တွေကို စွဲချက်တင်တဲ့ ပုဂ္ဂိုလ်တွေက တိုင်ကြားမှုတွေကို ထောက်ခံဖို့ သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်ဘူး။” လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Ref;


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။