Trending Now

SPIC ကုမ္ပဏီမှ လုံဂါဆွတ် မူလတန်းကျောင်း၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ငွေကျပ် ၁၀သိန်း ထောက်ပံ့

Spread the love

SPIC ကုမ္ပဏီမှ လုံဂါဆွတ် မူလတန်းကျောင်း၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးအတွက် ငွေကျပ် ၁၀သိန်း ထောက်ပံ့
EPN
မြစ်ကြီးနား၊ ဇူလိုင် ၃ 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာအုပ်စုရှိ လုံဂါစွတ် မူလတန်းကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမများ၏ နေအိမ်(ဝန်ထမ်းအိမ်ရာ)တည်ဆောက်ပေးရန်အတွက် ယနေ့ (ဇူလိုင် ၃) ရက်နေ့တွင် SPIC ကုမ္ပဏီမှ ငွေကျပ်ဆယ်သိန်းကို သွားရောက်လှူဒါန်းခဲ့သည်။ 
လက်ရှိ လုံဂါစွတ် မူလတန်းကျောင်း၌ ဆရာမ ၅ဦးဖြင့် သင်ကြားပေးနေပြီး ၎င်းတို့နေသည့်အဆောင်မှာ ဆယ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည့်အပြင် ဆယ်ပေပတ်လည်အခန်းကျဉ်း၌ နေရသည့်အတွက် အခက်အခဲများရှိနေကြောင်း အာလမ်မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်ဂျာစင်းတာက ဆိုသည်။
 “အခုကျွန်မတို့နေတဲ့ ဝန်ထမ်းအဆောင်က ဆယ်ပေပတ်လည်သုံးခန်းပါ အရင်ကလည်းအလှူ ရှင်တွေက ဆောင်ပေးခဲ့တာ ဆယ်နှစ်လောက်ကြာနေပြီ ထရံကာသွပ်မိုး၊ အခင်းလည်း ကြမ်းခင်းဘဲဆိုတော့ အဆင်မပြေဘူး။ တိုင်တွေလည်းဆွေးနေပြီ မီးဖိုချောင်လည်းမရှိဘူးဆိုတော့ ထမင်းချက်စားဖို့တောင် အဆင်မပြေဘူး။ ရပ်ရွာကလည်းခက်ခဲတော့မလုပ်ပေးနိုင်ဘူး။ ဒါကြောင့် ဒီကုမ္ပဏီကို အကူအညီတောင်းခံခဲ့တာပါ။”ဟု ဆရာမကြီး ဒေါ်ဂျာစင်းတာက ပြောသည်။
ဧရာဝတီမြစ်ညှာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းကုမ္ပဏီ(SPIC) အနေဖြင့် မိမိတို့စီမံကိန်းကြီး ရပ်တန့်နေသည်မှာ ဆယ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ဒေသတွင်း၌ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးလျက်ရှိနေကြောင်း SPIC ကုမ္ပဏီ မြစ်ကြီးနားရုံး ဒုတိယတာဝန်ခံ ဒေါ်ယဉ်ယဉ်က ယခုကဲ့သို့ ဆိုသည်။ 
“ကျွန်မတို့ကုမ္ပဏီအနေနဲ့ အခုလောလောဆယ် အဓိကလုပ်ငန်းကဒေသခံ လူမှုရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ အဓိကတော့ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူတွေရဲ့ အလုပ်အကိုင်ရရှိရေးတွေကို ဆောင်ရွက်နေပါတယ်။ ဒီစာသင်ကျောင်းက ကျွန်မတို့ကုမ္ပဏီရဲ့ သွားသွားလာလာ လမ်းဘေးမှာရှိနေတော့ ဒီကျောင်းကပြုပြင်ဖို့အများကြီး လိုအပ်နေတယ် လိုအပ်ချက်တွေအများကြီးရှိနေတာသိတော့ခုလိုလှူဒါန်းပေးတာပါ။”ဟု ဒေါ်ယဉ်ယဉ်ကပြောသည်။ 
၂၀၁၁ခုနှစ် မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ခဲ့ပြီးနောက် SIPCကုမ္ပဏီအနေဖြင့် အခက်အခဲမြောက်များစွာ ကြုံတွေ့နေသော်လည်း ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးနေကြောင်းကိုလည်း ဒေါ်ယဉ်ယဉ်က ပြောဆိုခဲ့သည်။
“ကျွန်မတို့ကုမ္ပဏီရဲ့ ဦးတည်ချက်က စီမံကိန်းတစ်ခုတည်ဆောက်တဲ့အခါမှာ အဲ့ဒီဒေသရဲ့ စီးပွားရေးလူမှုရေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ဖို့ဖြစ်ပါတယ်။”၎င်းကပြောသည်။

SPIC ကုမ္ပဏီအနေဖြင့်ကချင်ပြည်နယ်အတွင်းတွင်စာသင်ကျောင်းများဆောက်လုပ်လှူဒါန်းခြင်း၊ ပညာရေးဆိုင်ရာအခြားက ဏ္ဍများထောက်ပံ့ပေးခြင်း။ မိဘမဲ့ကျောင်းများတွင် ထောက်ပံ့ပေးခြင်းနှင့် အခြားလူမှုရေးကိစ္စရပ်များကိုလည်း နှစ်စဉ်ထောက်ပံ့ကူညီပေးနေကြောင်း သိရသည်။ 
လွမ်းအောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။