Trending Now

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဧရာဝတီတိုင်းက ငါးလုပ်ငန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်းကျော် ရပ်တန့်သွား

Spread the love

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဧရာဝတီတိုင်းက ငါးလုပ်ငန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်းကျော် ရပ်တန့်သွား

EPN
ပုသိမ်၊ မတ် ၂၉

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးလုပ်ငန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်းကျော်ရပ်တန့်သွား ကြောင်း ဧရာဝတီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့မှ သိရသည်။

“ကိုဗစ်ကာလကကတည်း အရမ်းကျပ်တည်းခဲ့တဲ့ ငါးလုပ်ငန်းတွေက အခုနိုင်ငံရေးမတည်ငြိမ်တော့ ပိုဆိုးသွားပြီ။ အခုဆိုရင် တိုင်းဒေသကြီးတစ်ခုလုံးရဲ့ ငါးလုပ်ငန်းတွေမှာ ၂၅ ရာခိုင်နှုန်းကျော်ရပ်သွားပြီ။ ထပ်ပြီးရပ်ဖို့တွေလည်းရှိနေသေးတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ရောဂါကာလ အတွင်း ငါး၊ ပုဇွန် အရှင်ရောင်းချသည့်လုပ်ငန်းများ တရုတ်ဝယ်လက်မရှိ၍ ၅၀ ရာခိုင်နှုန်းခန့်အထိ ထုတ်လုပ်မှုလျှော့ချနေရကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ လျှော့ချခဲ့ရခြင်းကြောင့် နိုင်ငံအတွက်အခွန်ရရှိမှုနည်းသွားပြီး အလုပ်ရှင်များနှင့် အလုပ်သမားများ ပါထိခိုက်မှုများရှိနေကြောင်း သိရသည်။

“အခုအခြေအနေက တရုတ်ကလည်း လုံးဝမဝယ်တော့ဘူး။ အချို့လုပ်ငန်းတွေက ရပ်လို့မရတဲ့အတွက်လုပ်နေကြတယ်။ ငါးဝယ်ပြီး ငါးခြောက်ခွဲတဲ့ လုပ်ငန်းတွေကလည်း လက်ရှိဘဏ်တွေပိတ်တော့ မလည်ပတ်နိုင်ဘူး။ ကုန်သည်တွေရော ငါးလုပ်ငန်းရှင်တွေပါ ထိခိုက်နေတယ်။ ငါးဖမ်းရာသီက ဧပြီလကုန်မယ်။ အခုထိတော့ ငါးဖမ်းပြီး ငါးခြောက်ခွဲတဲ့ လုပ်ငန်းတွေ အိတ်စိုက်ပဲ။ ဆုံးရှုံးမှုတွေရှိတယ်။ အခု နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဘဏ်တွေက ငွေထုတ် ငွေသွင်းလုပ်မရတော့ အခက်အခဲတွေတော့ရှိပါတယ်” ဟု၎င်းက ပြောသည်။

ယခင်က တရုတ်နိုင်ငံသို့ တစ်လလျှင် ငါး၊ ပုဇွန် အရှင် တန် ၃၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံကယခင်နှစ် ဧပြီလမှစတင်ကာ မြန်မာ့ ငါး၊ ပုဇွန်အရှင်ဝယ်ယူမှုကို ရပ်တန့်ခဲ့သည့်အတွက် တရုတ်သို့ အဓိကတင်ပို့နေသည့် ငါးပုဇွန်လုပ်ငန်းရှင်များ ထိခိုက်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ယခုအခါလုပ်ငန်းများ ထက်ဝက်ခန့်အထိလျှော့ချနေရခြင်း ဖြစ်ကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။