Trending Now

ရှင်ဗွေယန်မြို့တွင် ဌာနေတိုင်းရင်းသားလူမျိုး နာဂနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် မာရသွန်အပြေးပြိုင်ပွဲ ထည့်သွင်းကျင်းပ

Spread the love

ရှင်ဗွေယန်မြို့တွင် ဌာနေတိုင်းရင်းသားလူမျိုး နာဂနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် မာရသွန်အပြေးပြိုင်ပွဲ ထည့်သွင်းကျင်းပ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့၌ ဌာနေတိုင်းရင်းသားလူမျိုး နာဂနှစ်သစ်ကူးပွဲကို (ဇန်နဝါရီ ၁၅ ရက်) ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ နာဂနှစ်သစ်ကူး အထိမ်းအမှတ်အနေဖြင့် မာရသွန်အပြေးပြိုင်ပွဲကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မာရသွန် အပြေးပြိုင်ပွဲကို (၅)မိုင် အကွာအဝေးရှိ တစိတ်ကျေးရွာမှ ရှင်ဗွေယန်မြို့ရှိ ရိုးရာကွင်းထိ သတ်မှတ်ပြီး၊ ယှဥ်ပြိုင်သူ (၅၀) ဦးပြိုင်ပွဲဝင်ခဲ့ရာမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဇွဲအရှိဆုံးဆုဆယ်ဦး စုစုပေါင်း(၁၃)ဦး ရွေးချယ်ကာ ပထမဆု (၁)သိန်းကျပ်၊ ဒုတိဆု (၇)သောင်းကျပ်၊ တတိယဆု (၅)သောင်းကျပ်နှင့် ဇွဲလုံ့လ ဆုရရှိသူများကို ရိုးရာပုဆိုးများဖြင့် ဂုဏ်ပြု ဆုချီးမြင့်ခဲ့ကြောင်း ဌာနေတိုင်းရင်းသားလူမျိုး နာဂရိုးရာ အဖွဲ့အစည်းထံမှ သိရသည်။

” ဒီနှစ်က အရင်နှစ်လို ပွဲကြီးတော့မလုပ်ဝောာ့ဘူး။ ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ နာဂလူမျိုးတွေ စုပေါင်းပြီး အခြားညီအစ်ကို တိုင်းရင်းသားတွေနဲ့ ရိုးရာအစားအစာတွေ ကျွေးမွေးခြင်း အစီအစဉ် ပုံစံမျိုးနဲ့ ပွဲသေးလေးပဲ လုပ်ခဲ့ကြတယ်။ ဒီပွဲလုပ်တဲ့ခါ အားကစားအနေနဲ့ (၅)မိုင်အကွာအဝေး မာရသွန်အပြေးပြိုင်ပွဲလေး ထည့်သွင်းပြုလုပ် ဖြစ်ခဲ့ပါတယ် ” ဟု ၎င်းကဆိုသည်။

ယင်း ဌာနေတိုင်းရင်းသား လူမျိုးဖြစ်သည့် နာဂနှစ်သစ်ကူးပွဲ ကျင်းပပြုလုပ်ခဲ့ချိန်တွင် လူဦးရေ ခန့်မှန်းရေအားဖြင့် ကလေး၊ လူကြီးစုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး၊ ပွဲပြီးဆုံးချိန်တွင် ရိုးရာအစားအစာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြောင်းလည်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် နာဂလူမျိုးများ နေထိုင်ရာဒေသများတွင် နာဂရိုးရာ နှစ်သစ်ကူးပွဲများကျင်းပပြုလုပ်ကြကြောင်း သိရပြီး၊ စုပေါင်း နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကြီးအား လေရှီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။