Trending Now

Covid 19 ဗိုင်းရပ်စ်ရောဂါအား ကာကွယ်ရန်အတွက် လုံးခင်းကျောက်ဝိုင်းအား ယာယီ ပိတ်ထားမည်

Spread the love

Covid 19 ဗိုင်းရပ်စ်ရောဂါအား ကာကွယ်ရန်အတွက် လုံးခင်းကျောက်ဝိုင်းအား ယာယီ ပိတ်ထားမည်

EPN
လုံးခင်း၊ မတ် ၁၉

Covid 19 ဗိုင်းရပ်စ်ရောဂါအား ကာကွယ်ရန်အတွက် လူစုလူဝေးဖြစ်ပေါ်နေသည့် လုံးခင်းကျောက်ဝိုင်းအား မနက်ဖြန် မတ်လ(၂၀)ရက်နေ့မှစ၍ ယာယီပိတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ မတ်လ (၁၉) ရက် နေ့လည်ပိုင်းအချိန်က လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောက်ဝိုင်းကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး၍ ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ အခုလို ပြောပါတယ်။

“အစိုးရကနေ လူစုလူဝေး ဖြစ်နေတဲ့နေရာတွေ၊ ပွဲလမ်းသဘင်တွေကို ဧပြီလ (၃၀) ရက်နေ့အထိ မလုပ်ဖို့ စာထုတ်ထားပါတယ်။ အခုလည်း လူစုလူဝေး ဖြစ်နိုင်တဲ့ လုံးခင်းကျောက်ဝိုင်းကို ခေတ္တ ပိတ်ထားမှာ ဖြစ်ပါတယ်”ဟု လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှအောင်က ပြောသည်။

ထို့အပြင် ကျောက်စိမ်းမှော်ဒေသ ဖြစ်သည့်အတွက် ကျောက်အရောင်း/အဝယ် ပြုလုပ်လိုပါက ၎င်းတို့နေအိမ် ခြံဝန်းများ၊ ဆိုက်ခန်းများတွင် အရောင်း/အဝယ် ပြုလုပ်နိုင်ကြောင်း လူစုလူဝေး ဖြစ်ပေါ်နေသည့် နေရာများကိုသာ အဓိက မေတ္တာရပ်ခံ ပိတ်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

အဆိုပါ လုံးခင်းကျောက်ဝိုင်း ယာယီပိတ်သိမ်းရန်အတွက် ယနေ့ညပိုင်းမှစ၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျောက်ဝိုင်းအတွင်း လှည့်လည်၍ အသံချဲ့စက်(ဟမ်းစပီကာ) များ အသုံးပြု၍ အသိပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရေမဆေးကျောက်ရှာသူများအနေဖြင့် ကျောက်အရောင်း/အဝယ် ပြုလုပ်လိုပါက နေအိမ်ဆိုင်ခန်းများရှိ ကျောက်ဝယ်သူလောပန်းများထံသို့ သွားရောက် ရောင်း/ဝယ်နိုင်ကြပြီး၊ ကျောက်ပွဲစားများနှင့် ချိတ်ဆက်လုပ်ကိုင်၍ အဆင်ပြေနိုင်ကြောင်း လုံးခင်းကျောက်ဝိုင်းကော်မတီအဖွဲ့ဝင် ကိုကျော်သူရ ထံမှ သိရသည်။

ထို့အပြင် လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင် အစရှိသည့် ဈေးဆိုင်များတွင် လက်ဆေးမည့် နေရာများအား ထားရှိရန်နှင့် အဆိုပါကူးစက်ရောဂါပိုးနှင့် ပတ်သတ်သည့် ဗီနိုင်း၊ ပိုစတာများ စိုက်ထူထားရှိမည်ဟု လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်အရောင်း/အဝယ် ပြုလုပ်သည့်နေရာ ဝှေခါကျေးရွာရှိ ကျောက်ဝိုင်းနှင့် လုံးခင်းကျေးရွာရှိ ကျောက်ဝိုင်းများမှာ ယာယီ ပိတ်သိမ်းထားမည်ဖြစ်ပြီး၊ ဖားကန့်ကျောက်ဝိုင်းနှင့် ဆိပ်မူကျောက်ဝိုင်းများမှာ အရောင်း/အဝယ် ပြုလုပ်နေဆဲဖြစ်ကြောင်း၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်ပါက ပိတ်သိမ်းသွားမည်ဟု သက်ဆိုင်ရာ ကျောက်ဝိုင်းကော်မတီများထံမှ သိရသည်။

ဖားကန့် ကျောက်စိမ်းမှော်ဒေသတွင် Covid 19 ဗိုင်းရပ်စ် ရောဂါပိုးမှ ကာကွယ်ရန်အတွက် ကွန်းဖောင်ဒေးရှင်းနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ရောဂါကာကွယ်ရေး ဝတ်စုံများ၊ အပူချိန်တိုင်း ကိရိယာများ ကြိုတင်မှာယူ ထားရှိပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများ အနေဖြင့် အထူးအလေးထား စောင့်ကြည့်နေကြောင်း သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။