Trending Now

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အားကစားကျေးရွာကို အရေးပေါ်ဆေးရုံအဖြစ် ပြောင်းလဲ

Spread the love

အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အားကစားကျေးရွာကို အရေးပေါ်ဆေးရုံအဖြစ် ပြောင်းလဲ

EPN
ဂျကာတာ၊ မတ် ၂၂

တိုင်းပြည်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုများ မြင့်တက်လာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံက ၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲအတွက် တည်ဆောက်ခဲ့သော အားကစားကျေးရွာကို လူနာ ၄၀၀၀ ကျော်ဝင်ဆံ့သည့် အရေးပေါ်ဆေးရုံတစ်ရုံအဖြစ် ပြောင်းလဲခဲ့ကြောင်း အာဏာပိုင်များက ယနေ့ ပြောကြားသည်။

ဂျကာတာမြို့တော်တွင်တည်ရှိသော အားကစားကျေးရွာမှ မိုးမျှော်အဆောက်အဦး ၁၀ လုံးအနက် ၄ လုံးကို ကိုရိုနာဗိုင်းရပ်စ် ကုသရေးအဖွဲ့၊ ဆေးဘက်ဝန်ထမ်းများနှင့် လူနာ ၄၂၀၈ ဦးအပါအဝင် လူ ၇၀၀၀ ကျော် နေနိုင်မည့် ဆေးကုသရေးအဆောက်အအုံတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

“နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာနက ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ် ဆေးရုံကို ကျန်းမာရေးစောင့်ရှောက်မှု ကိရိယာ၊ ဆေးဝါး၊ အကာအကွယ်ဝတ်စုံနဲ့ မျက်နှာဖုံးတွေ ထောက်ပံ့မှာဖြစ်ပါတယ်” ဟု နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီး အဲရစ်ခ်သိုဟာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စာရင်းသစ် ၈၁ ဦးနှင့် သေဆုံးသူ ၆ ဦးရှိခဲ့ရာ ကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၄၅၀ ဦးနှင့် သေဆုံးသူ ၃၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် အရှေ့တောင်အာရှတွင် လူသေဆုံးမှု အမြင့်ဆုံးတိုင်းပြည်ဖြစ်သည်။ ဂျကာတာမြို့တော်ဝန်က ကိုဗစ်-၁၉ ကြောင့် မြို့တော်အတွင်း နှစ်ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံထက်ပင် ပိုမိုကျယ်ပြောသော ကျွန်းစုနိုင်ငံတွင် စမ်းသပ်မှုပြုလုပ်ရာ၌ နှေးကွေးမှု ရှိခြင်းကြောင့် ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံတွင် ကျန်းမာရေးလုပ်သားများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုအပေါ်မူတည်၍ အားကစားကျေးရွာရှိ နောက်ထပ် မိုးမျှော် အဆောက်အဦးနှစ်လုံးကို ဆေးရုံများအဖြစ် ပြောင်းလဲနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

“မိုးမျှော် အဆောက်အဦး ၁၀ လုံးကို အသုံးပြုလျှင် လူနာ ၂၀၀၀၀ ကျော် ထားရှိနိုင်ပါတယ်” ဟု ပြည်သူ့ဆောက်လုပ်ရေးနှင့်အိမ်ရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်တွင် သေဆုံးမှုအချိုး ၈ ဒသမ ၇ ရာခိုင်နှုန်းက ကမ္ဘာပေါ်တွင် အမြင့်မားဆုံးနှုန်းဖြစ်ပြီး အီတလီနိုင်ငံ၏ ၈ ဒသမ ၃ ရာခိုင်နှုန်းထက်ပင် ပိုမို မြင့်မားသည်။

–ကိုးကား–သည်စထရိတ်တိုင်းမ် Ref; Indonesia turns athletes village to emergency hospital as coronavirus cases rise


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။